မြန်မာနိုင်ငံတွင် ဖမ်းဆီး ထိန်းသိမ်း ခံထားရသည့် အမေရိကန် သတင်းသမား နှစ်ဦးဖြစ်သည့် ဒန်နီဖန်စတာ နှင့် နေသန်မောင်တို့ နှစ်ဦးအတွက် အလွန်စိုးရိမ်မိကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက မေ ၂၈ ရက်တွင် ထုတ်ပြန်ထားပြီး ၎င်းတို့နှစ်ဦးကို ပြန်လွှတ်ပေးသည်အထိ နိုင်ငံခြားရေးဝန်ကြီးဌာနက တောင်းဆို သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
အသက် ၃၇ နှစ်ရှိပြီဖြစ်သည် ဒန်နီဖန်စတာသည် Frontier Myanmar မဂ္ဂဇင်း၏ မန်နေးဂျင်းအယ်ဒီတာ ဖြစ်ပြီး မေ ၂၄ ရက် နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာရန် ကြိုးပမ်းစဉ် ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်။
ဒန်နီဖန်စတာသည် ကွာလာလမ်ပူမှတစ်ဆင့် အမေရိကန်တွင် ရှိသည့် မိသားစုဆီ ပြန်ရန်ဖြစ်ကြောင်းသိရပြီး ၎င်းကို အင်းစိန်အကျဉ်းထောင် ပို့ထားကြောင်းလည်း Frontier Myanmar ဘက်မှ မေ ၂၄ ရက်နှောင်းပိုင်းတွင် ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံသား နေသန်မောင်သည် ကမာရွတ်မီဒီယာရဲ့အယ်ဒီတာချုပ်ဖြစ်ပြီး ပြီးခဲ့သည့်တနင်္လာနေ့တွင် ရန်ကုန်ရှိ အမေရိကန်သံရုံးအရာရှိများက နေသန်မောင်နှင့် အွန်လိုင်းမှတွေ့ခွင့်ရခဲ့ကြောင်း၊ ဒန်နီဖန်စတာနှင့်မူ တွေ့ခွင့်မပေးသေးကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး ကောင်စစ်ရေးရာ ဗီယင်နာ သဘောတူညီချက်အရ ဒန်နီဖန်စတာကို သံရုံးအရာရှိများနှင့် အမြန်တွေ့ခွင့်ပေးရန်၊ သတင်းသမား နှစ်ဦးစလုံးကို ထိန်းသိမ်းထားစဉ် အတောအတွင်း ကောင်းမွန်စွာဆက်ဆံရန် မြန်မာအာဏာပိုင်များအား တောင်းဆိုထားကြောင်းလည်း သိရသည်။
ဒန်နီ၏အလုပ်နှင့်ပတ်သက်သည့် စာရွက်စာတမ်း ဗီဇာပတ်စ်ပို့အားလုံးသည်တရားဝင်ဖြစ်ကြောင်း၊ ၎င်းသည်နှစ်နှစ်ကျော် ခန့်မတွေ့ထားသည့် မိဘများထံ အလည်အပတ်ပြန်ရန် အမေရိကန်ကိုပြန်လာမည်ဖြစ်ပြိး ၎င်းကိုမည်သည့်အတွက်ကြောင့် ဖမ်းသည်ဆိုသည်ကို နားမလည်နိုင်ဖြစ်ရကြောင်း ဒန်နီဖန်စတာနှင့် ညီအစ်ကိုတော်စပ်သူ ဘရိုင်ယန် ဖန်စတာက ပြောကြားသည်။
မစ္စတာ ဒန်နီဖန်စတာသည် မြန်မာနိုင်ငံတွင် နိုင်ငံရေး အပြောင်းအလဲများဖြစ်ပြီးနောက် ဖမ်းဆီးခံရသည့် စတုတ္ထမြောက်နိုင်ငံခြားသား သတင်းသမားဖြစ်ပြီး ၎င်း၏အဖမ်းမခံရမီ အစောပိုင်းတွင် ဖမ်းဆီးခံရသည့် နိုင်ငံခြားသား သတင်းသမားသုံးဦးမှာ အမေရိကန်နိုင်ငံသား ဦးနေသန်မောင်နှင့် အလွတ်တန်းသတင်းထောက်များဖြစ်ကြသည့် ပိုလန်နိုင်ငံသား ရောဘတ်ဘိုဆီယာဂါနှင့် ဂျပန်နိုင်ငံသား ယူကီ ကီတာဇူမီတို့ဖြစ်သည်။
ပိုလန်သတင်းထောက် ဘိုဆီယာဂါမှာမူ မတ် ၁၁ ရက်က တောင်ကြီးတွင် ဖမ်းဆီးခံရပြီး နှစ်ပတ်အကြာတွင် ပြန်လွတ်လာကာ ဧပြီ ၁၈ ရက်ညပိုင်းက ရန်ကုန်တွင် ဒုတိယကြိမ်မြောက် ဖမ်းဆီးခံလိုက်ရသည့် ဂျပန်သတင်းထောက် ကီတာဇူမီသည် မေ ၁၄ ရက်တွင် ပြန်လွတ်လာသည်။















