ပြည်သူများအတွက် ပါတီထောင်ထားခြင်း ဖြစ်သည့်အတွက် ပြည်သူများ ရှိနေသရွေ့ ပါတီရှိနေမည်ဟု ရှေ့နေများနှင့် တွေ့ဆုံစဉ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား

ပြည်သူများအတွက် ပါတီထောင်ထားခြင်း ဖြစ်သည့်အတွက် ပြည်သူများ ရှိနေသရွေ့ ပါတီရှိနေမည်ဟု ရှေ့နေများနှင့် တွေ့ဆုံစဉ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား
Published 24 May 2021
နေရိုင်း၊အောင်မင်းသိန်း

ပြည်သူများအတွက် ပါတီထောင်ထားခြင်း ဖြစ်သည့်အတွက် ပြည်သူများရှိနေသရွေ့ ပါတီရှိနေမည်ဟု ရှေ့နေများနှင့် တွေ့ဆုံ၍ Instructions ရယူချိန်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ကြောင်း အမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောကြားသည်။

မေ ၂၄ ရက်က ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် နေပြည်တော်ကောင်စီဝန်းအတွင်းရှိ သီသန့်တရားရုံး၌ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေပုဒ်မ ၂၅ ဖြင့် နှစ်မှု၊ ပို့ကုန်/သွင်းကုန် ဥပဒေပုဒ်မ (၈) ၊ ဆက်သွယ်ရေးဥပဒေပုဒ်မ (၆၇) ၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (ခ) တို့ဖြင့် တရားစွဲဆိုခြင်း ခံထားရသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ (၂၅) ၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (ခ) တို့ဖြင် တရားစွဲဆိုခြင်း ခံထားရသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲဆိုခြင်း ခံထားရသည့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့အား ရုံးထုတ်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

''တရားရုံးမှာက ဒီနေ့ ဘာမှမစစ်ဖြစ်ပါဘူး။ ဒီနေ့ပြောတဲ့ အတိုင်းအတာကတော့ အရင်ရုံးချိန်းတုန်းက အမှုသည်နဲ့ ရှေ့နေနဲ့တွေ့ပြီးတော့ Instructions ယူဖို့ပြောထားတဲ့ အတွက်ကြောင့် ဒီနေ့တွေ့ပြီး ဖြစ်ပါတယ်။ ဒါကြောင့်မလို့ ဒီနေ့ရုံးချိန်းကတော့ နောက်ထပ် ထပ်ပြီးတော့ ဘယ်နေ့မှာ တရားခွင်ကို ဆက်လက်ပြီး အမှုကို ဘယ်လိုဆောင်ရွက်သွားမလဲ ဆိုတဲ့အကြောင်းကို ရုံးချိန်းပေးပါတယ်။ ရုံးချိန်းကတော့ ၆ လပိုင်း ၇ ရက်နေ့ပါ။ နောက်ရုံးချိန်းမှာတော့ မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်ကို စမယ်ဆိုတဲ့အကြောင်းကို အားလုံးကို ရှေ့နေတွေကို အသိပေးပါတယ်။ နှစ်ဖက်ကိုပေါ့၊ အမှုသည်တွေ အပါအဝင် အကုန်လုံးကို အသိပေးပြီးတော့ အဲ့ဒီစာရွက်လေးတွေ ပေးပါတယ်။ ကျွန်မတို့ ရှေ့နေတွေက လက်မှတ်ထိုးပြီးတော့မှ နောက်ရုံးချိန်းကို မှုခင်းစီမံခန့်ခွဲမှု စတင်မယ်ဆိုတဲ့အကြောင်းကို သိရှိပြီးကြောင်းကို လက်မှတ်ထိုးရပါတယ်။ (လွတ်လွတ်လပ်လပ်ရော တွေ့ရလား) အခန်းကတော့ ဘယ်သူမှတော့ မဝင်လာဘူး။ ကျွန်မတို့ ရှေ့နေတွေနဲ့ အမှုသည်တွေနဲ့ သီးသန့် ထိုင်ရတာပါ။ ဒါပေမယ့် CCTV တော့ တပ်ထားတာပေါ့။ (ပြည်သူတွေကို ဘာအမှာစကား ပါးလိုက်သေးလဲ) အမေကတော့ ပြည်သူတွေကို အရင်ဆုံး အမေပြောတာက အားလုံး ကျန်းမာစေဖို့အတွက် ဆုတောင်းပေးနေပါတယ်။ ပြီးတော့ ပါတီကို ထောင်ထားတာလည်း ပြည်သူတွေအတွက် ထောင်ထားတာ ဖြစ်တဲ့အတွက်ကြောင့် ပြည်သူတွေရှိနေသ၍ ပါတီရှိနေမှာပါလို့ အမေက အဲလိုမှာပါတယ်'' ဟု တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောကြားသည်။

နေပြည်တော်ကောင်စီဝန်းအတွင်းရှိ သီးသန့်တရားရုံးသို့ သွားရောက်ရန်အတွက် ယနေ့ (မေ ၂၄ ရက်) နံနက် ၈ နာရီတွင် ဇမ္ဗူသီရိမြို့နယ်ရှိ အမှတ် (၁) မြို့မရဲစခန်းသို့ ရှေ့နေများ လာရောက်ခိုင်းခဲ့ကြောင်း၊ ထိုမှတဆင့် အမှုစစ်ဆေးမည့် နေရာဖြစ်သော နေပြည်တော်ကောင်စီဝန်းအတွင်းရှိ အဆောက်အဦတစ်ခုသို့ သွားရောက်ခဲ့ရကြောင်း တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောကြားသည်။

တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက '' ဒီနေ့ ကျွန်မတို့က အမှတ် (၁) စခန်းထဲကို ကျွန်မတို့ ရှေ့နေတွေ အားလုံးပေါင်း ခြောက်ယောက်ပေါ့၊ ခြောက်ယောက်ဆိုတာက အမေစုနဲ့ ဦးဝင်းမြင့်အတွက် ရှေ့နေ ငါးယောက်ရယ်၊ ဒေါက်တာမျိုးအောင်အတွက် ရှေ့နေ တစ်ယောက် ပါတယ်။ အဲ့ဒီ အားလုံးပေါင်း ခြောက်ယောက်ကို ကျွန်မတို့ အမှတ် (၁) မြို့မရဲစခန်းကို ၈ နာရီ လာဆုံခိုင်းပြီးတော့ အဲ့ဒီကနေမှတဆင့် သူတို့ရှေ့က ကားနဲ့ ကျွန်မတို့ နောက်ကားနဲ့ လိုက်ရတာပေါ့။ ရှေ့က ရဲကားနဲ့ ကျွန်မတို့ နောက်ကလိုက်သွားပြီးတော့ နေပြည်တော်ကောင်စီထဲမှာရှိတဲ့ ခြံတစ်ခြံကို ခေါ်သွားပါတယ်။ အဲ့ဒီမှာပဲ ပထမဦးဆုံး အမေစုနဲ့ တွေ့ရပါတယ်။ Instructions ယူရတာ ကျွန်မတို့ကို နာရီဝက်အချိန်ရတယ်လို့ ပြောပြီးတော့မှ ကျွန်မတို့ အမေစုနဲ့ တွေ့ရပါတယ်။ တွေ့ပြီးတော့ Instructions တွေ ပြောဖြစ်ပါတယ်။ နောက်ပြီးတော့ ဦးဝင်းမြင့်နဲ့လည်း အမေနဲ့ တွေ့ပြီးတဲ့အခါမှာ ဦးဝင်းမြင့်နဲ့တွေ့ပြီးတော့ Instructions ယူရတယ်။ နောက်ကျတော့ ထပ်မံပြီးတော့မှ ဒေါက်တာမျိုးအောင်နဲ့လည်း Instructions ယူရပါတယ်။ ပြီးတဲ့အခါကျတော့ အဲ့ဒီခြံထဲမှာရှိတဲ့ တစ်ဖက်ခြမ်းမှာရှိတဲ့ အခန်းမှာ တရားခွင်လုပ် ထားပါတယ်။ အဲ့ဒီတရားခွင်မှာပဲ ကျွန်မတို့ ရုံးချိန်းကို ပေးတာပါ။ ဒီနေ့ဖြစ်စဉ် အတိုချုပ်ကတော့ ဒါပါပဲ'' ဟု ပြောကြားသည်။

နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ပုဂ္ဂိုလ်တို့အား တရားစွဲခြင်းခံထားရသည့် အမှုများနှင့် ပတ်သက်၍ အမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေ ငါးဦးနှင့် တွေ့ဆုံခွင့် ပေးကြောင်း၊ ဒေါက်တာမျိုးအောင်အား တရားစွဲဆိုထားသည့် အမှုနှင့်ပတ်သက်၍လည်း ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ပေးနေသူ နှစ်ဦးကို တွေ့ဆုံခွင့်ပေးခဲ့ကြောင်း တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်က လက်ရှိ မည်သည့်နေရာတွင် နေထိုင်နေရခြင်းနှင့် ပတ်သက်၍ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က '' အဲဒါလည်း ဒေါ်အောင်ဆန်းစုကြည်က အတိအလင်း ပြောပြတယ်။ ဒီနေရာ ဘယ်နေရာမှန်း သူမသိဘူး။ အဲလိုပဲ သူ့ကို ထားတဲ့နေရာလည်း ဘယ်နေရာမှန်း မသိဘူးလို့ အခုအဲလိုဖြစ်နေတယ်လို့ ပြောတယ်'' ဟု ပြောကြားသည်။

လက်ရှိတွင် သုံးဦးစလုံး ကျန်းမာရေး ကောင်းမွန်ကြောင်း၊ Instructions လည်း ၎င်းတို့ ရသင့်သလောက် ရသည်ပြောကြောင်း၊ သို့သော် ဒေါ်အောင်ဆန်းစုကြည်အား စွဲဆိုထားသည့် အမှုများသည့်အတွက် တွေ့ဆုံချိန် အချိန်နာရီဝက်သည် အချိန်နည်းကြောင်း တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောကြားသည်။      

Most Read

Most Recent