ကချင်ပြည်နယ် တနိုင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းလင်းဦးနှင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများဖြစ်သည့် ကိုလွမ်းဇောင်းနှင့် မဆိုင်းနူးပန် ဖမ်းဆီးခံရ

ကချင်ပြည်နယ် တနိုင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းလင်းဦးနှင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများဖြစ်သည့် ကိုလွမ်းဇောင်းနှင့် မဆိုင်းနူးပန် ဖမ်းဆီးခံရ
Published 21 May 2021

ကချင်ပြည်နယ် ၊မြစ်ကြီးနား ခရိုင် တနိုင်းမြို့နယ်  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းလင်းဦးနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ လူငယ်များဖြစ်သည့် ကိုလွမ်းဇောင်းနှင့် မဆိုင်းနူးပန်တို့ ဖမ်းဆီးခံရကြောင်းသတင်းရရှိသည်။

ဦးလင်းလင်းဦးကို မေ ၂၀ ရက် မွန်းလွဲပိုင်းတွင် တနိုင်းမြို့နေအိမ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လာရောက် ခေါ်ဆောင်သွားခြင်းဖြစ်ပြီး မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကို မသိရကြောင်း ဒေသခံများက ပြောကြားသည်။

ဒေသခံတစ်ဦးက '' လာခေါ်သွားတာပဲ။ဘာမှ ဆူဆူပူပူမရှိဘူး။ လွှတ်တော်ကိုယ်စားလှယ် ဦးလင်းလင်းဦးပါပဲ ခေါ်သွားတာ။ သူနာမည်က ဒီမှာခေါ်တာ ဦးထန်းကီး ခေါ်တယ်''ဟု ပြောကြားသည်။

ဦးလင်းလင်းဦးသည် တရားလွှတ်တော် ရှေ့နေတစ်ဦးဖြစ်ပြီး တနိုင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားကို ၂၀၁၅ ခုနှစ်နှင့်  ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲများတွင် ရွေးချယ်ခံရသည်။

အလားတူ မေ ၂၁ ရက် မွန်းလွဲလည်ပိုင်းတွင် မြစ်ကြီးနားမြို့၊ ရှစ်မိုင်ကျေးရွာအနီးတွင် ကားအတူစီးလာသည့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ကိုလွမ်းဇောင်းနှင့် မဆိုင်းနူးပန်တို့ နှစ်ဦးမှာ မဆိုင်းနူးပန်း၏အဖိုးဖြစ်သူ နာရေးပို့ဆောင်ပြီးနောက် ပြန်လာနေစဉ်အတွင်း ကားဖြင့်တိုက်ကာ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း တွေ့ရှိသူများကပြောကြားသည်။

ဖြစ်စဉ်အားတွေ့ရှိသူတစ်ဦးက'' နာရေးအပြန် ရှစ်မိုင်ဘောလုံးကွင်းနားမှာ ဖမ်းသွားတာပါ။ကားနဲ့တိုက်ပြီးညှပ်ဖမ်းတဲ့သဘောပေါ့။ကားလည်းပိန့်ထွက်သွားတယ်ပစ်သံတွေလည်း ကြားလိုက်ရတယ် ''ဟုပြောကြားသည်။

ကိုလွမ်းဇောင်းနှင့် မဆိုင်းနူးပန်တို့သည် ၂၀၂၀ ရွေးကောက်ပွဲတွင် ကချင်ပြည်နယ် ပြည်သူ့ပါတီမှ ရွေးကော်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့သူများ ဖြစ်သည်။

ကချင်ပြည်နယ် ပြည်သူ့ပါတီမှ အလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ဦးက '' မဆိုင်းနူးပန်က ပါတီလူငယ်ရေးရာ အတွင်းရေးမှူးပါ။ကိုလွမ်းဇောင်းက ကိုယ်စားအဖြစ်ပါဝင်ခဲ့သူပါ။ သူတို့ကိုဖမ်းမယ်ဆိုတဲ့ သတင်းအချက်အလက်မျိုး မကြားဖူးပါဘူး။ဒါပေမယ့် သူတို့က အရင်ကတည်းကနေမြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်အဖွဲ့တွေနဲ့ လက်တွဲ လုပ်ဆောင်လာကြတဲ့ လူငယ်တွေဖြစ်တဲ့ အတွက်ကြောင့်များလားတော့ မပြောတတ်ဘူး''ဟု ပြောကြားသည်။

ယင်းအမှုကို လိုက်ပါဆောင်ရွက်နေသူများက ယင်းတို့နှစ်ဦးကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ခေါ်ဆောင်သွားကြောင်း ပြောကြားသည်။

Most Read

Most Recent