CDM လှုပ်ရှားမှုတွင် ပါဝင်သည့် ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သံတမန်နှစ်ဦးကို ရာထူးမှ ထုတ်ပယ်

CDM လှုပ်ရှားမှုတွင် ပါဝင်သည့် ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သံတမန်နှစ်ဦးကို ရာထူးမှ ထုတ်ပယ်
Published 20 May 2021
Ref: KYODO

CDM လှုပ်ရှားမှုတွင် ပါဝင်သည့် ဂျပန်နိုင်ငံ တိုကျိုရှိ မြန်မာသံရုံးမှ သံတမန်နှစ်ဦးကို ရာထူးမှ ထုတ်ပယ်ခဲ့ကြောင်း Kyodo News သတင်းဌာနက ဖော်ပြခဲ့သည််။

ရာထူးက ထုတ်ပယ်ခံရသည့် သံတမန် နှစ်ဦးသည် အသက် ၅၁ နှစ်အရွယ်ရှိ မြန်မာသံရုံး ပထမအတွင်းဝန် ဦးအောင်စိုးမိုးနှင့် ဒုတိယ အတွင်းဝန်တို့ဖြစ်ပြီး ၎င်းတို့နှစ်ဦးသည် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း နိုင်ငံရေးအခြေအနေများနှင့် ဆန္ဒပြသူများအပေါ် ဖြိုခွဲမှုများကို ကန့်ကွက်သည့်အနေဖြင့် ရာထူးတာဝန်များကို သပိတ်မှောက်ပြီး CDM လှုပ်ရှားမှု ပြုလုပ်နေခြင်း ဖြစ်သည်။

လက်ရှိတွင် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနသည် ၎င်းတို့နှစ်ဦး၏ သံတမန်ရာထူးများနှင့် နိုင်ငံကူးလက်မှတ်များကို ရုပ်သိမ်းခဲ့ပြီး သံရုံးဝင်းထဲသို့ ဝင်ရောက်ခွင့်ကို မတ်အစောပိုင်းမှစ၍ ရုပ်သိမ်းလိုက်ကြောင်း သံတမန် သတင်းရင်းမြစ်များက ဆိုသည်။

ထို့အပြင် ၎င်းတို့နေရာတွင် တပ်မတော်က ခန့်အပ်သည့် အစားထိုးလူများအတွက် သံတမန်ဗီဇာများကို လျှောက်ထားလိုက်သည်ဟု ဆိုသည်။

သံရုံးဝင်းထဲသို့ ဝင်ရောက်ခွင့်ကို ရုပ်သိမ်းခဲ့သည့်အတွက် ၎င်းတို့သည်  မတ် ၁၁ ရက်တွင် သံရုံးဝင်းထဲမှ ထွက်ခွာလာခဲ့ပြီးနောက် ဂျပန်ရောက် မြန်မာများ၏ အထောက်အပံ့ဖြင့် တိုကျိုတွင် သီးခြားနေထိုင်နေခဲ့ကြကြောင်း သိရသည်။

ရာထူးက ထုတ်ပယ်ခံရသည့် သံရုံးအရာရှိ ဦးအောင်စိုးမိုးအတွက် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပေးထားသော  အထောက်အထားများသည် ဇူလိုင် ၁၅ ရက်တွင် သက်တမ်းကုန်ဆုံးမည် ဖြစ်သည့်အတွက် ယခုကိစ္စအပေါ် ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီဒဲ့ဆူဂါ၏ အစိုးရအဖွဲ ့က မည်သို့ကိုင်တွယ်မည် ဆိုသည်ကို  လေ့လာဆန်းစစ်သူများက စောင့်ကြည့်လျက် ရှိသည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူက ၄င်းတို့၏ လတ်တလော သံတမန်ရာထူးများနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့သည်။

“မြန်မာနိုင်ငံက အခြေအနေတွေ ပြောင်းလဲတာကို မိမိတို့ စောင့်ကြည့်နေရင်း ၄င်းတို့ရဲ ့သံတမန်ရာထူးတွေကို ဆုံးဖြတ်သွားမှာ ဖြစ်တယ်” ဟု အထက်ပါ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူက ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း နိုင်ငံရေးအခြေအနေများကို ကန့်ကွက်သည့်အတွက် ယခု ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံတမန်များအပြင် ဖေဖော်ဝါရီလအတွင်းက ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကို ထုတ်ပယ်ခြင်း၊ ဧပြီလအတွင်းက ဗြိတိန် မြန်မာသံရုံးကို သော့ခတ်ပိတ်ခြင်းများ လုပ်ဆောင်ခဲ့သည်ဟုလည်း သိရသည်။

Ref: KYODO

Most Read

Most Recent