အိပ်မက်ထဲက ရေတွင်းများ

အိပ်မက်ထဲက ရေတွင်းများ
မြောက်ဒဂုံမြို့နယ်ရှိ ရပ်ကွက်တစ်ခုတွင် စက်ရေတွင်းမှရေချိုးနေစဉ်(ဓာတ်ပုံ-ဇော်ဇော်အောင်)
မြောက်ဒဂုံမြို့နယ်ရှိ ရပ်ကွက်တစ်ခုတွင် စက်ရေတွင်းမှရေချိုးနေစဉ်(ဓာတ်ပုံ-ဇော်ဇော်အောင်)
Published 19 May 2021
မောင်ကြည်

အခုတလော ရေတွင်းတွေချည်း ဆက်တိုက် အိပ်မက်မက်နေတယ်။ ရေတွင်းမှ ဧရာမရေတွင်းကြီးတွေ။ ကျွန်တော်ဟာ အဲဒီရေတွင်းတွေရှိရာသွားပြီး ရေကို အငမ်းမရ ချိုးတော့တာပဲတဲ့။ အို ပျော်လိုက်တာ ဆိုတာလေ။ ဘယ်လိုပျော်မှန်းမသိ ပျော်နေတာ။ ဘဝမှာ ရေချိုးရတာ ပျော်စရာ ကောင်းမှန်း ကျွန်တော် အခုမှပဲ သိလိုက်ရသလို ခံစားမိတယ်။ တကယ်ပျော်ဖို့ ကောင်းပါတယ်။

အိပ်မက်ထဲမှာ ကျွန်တော် ပထမဆုံး ရောက်သွားတဲ့ ရေတွင်းက တွင်းနှုတ်ခမ်းပေါင်(ဘောင်)ရဲ့အမြင့်ကို အင်္ဂတေနဲ့လူကြီး ခါးတစ်ဝက်လောက်အထိ သေချာလုပ်ထားတဲ့ ရေတွင်းပဲ။ ရေတွင်း ပတ်ပတ်လည် အောက်ကြမ်းပြင်ကိုလည်းရေချိုးလို့ ကောင်းအောင် အင်္ဂတေနဲ့ဝိုင်းပတ်ပြီး ခင်းထားသေးတယ်။ အဲဒီကြမ်းခင်းရဲ့ ဘေးအနားသတ်ကိုလည်း ရေစီးဆင်းလို့ ကောင်းအောင် ဘောင်ကလေးတွေခွေပြီး ၀ိုင်းပတ်ထားသေးတယ်။ ချိုးသမျှရေဟာ ကြမ်းပြင်မှာ တင်ကျန်မနေဘဲ ရေတွင်းဘေးမှာ ဖောက်ထားတဲ့ ရေမြောင်းထဲကို စီးဆင်းသွားကြ တာပေါ့။ အဲဒီရေတွင်းမှာ ရေချိုးရတာ သိပ်စိတ်ချမ်းသာတာပဲ။ ကျွန်တော်တော့ တစ်ခွက်ပြီး တစ်ခွက်လောင်းချိုးတာပဲ။ အဲဒီရေတွင်းမှာရေချိုးနေတာ ကျွန်တော် တစ်ယောက်တည်းတော့ မဟုတ်ဘူး။ ကျွန်တော့် အနားမှာ လူသုံးလေးယောက် အတူတူ ချိုးနေကြတာကို မှတ်မိတယ်။ ဒါပေမဲ့  ရေတွင်းထဲ ခပ်ရတဲ့ပုံးက‌တော့ တစ်ခုတည်းရှိတယ်။ ပုံးက ကားတာယာပြား အမည်းနဲ့ လုပ်ထားတဲ့ ပုံးဆိုတာကိုလည်း ကျွန်တော် ထင်ထင်ရှားရှား မြင်နေရတယ်။ အဲဒီရေပုံးက တစ်ပုံးတည်း ရှိတာဆိုတော့ တစ်ယောက်က ရေ ပုံးနှစ်ပြီး ခပ်ချိုးနေရင် ကျန်တဲ့သူတွေက ချေးတွန်းသူတွန်း၊ ဆပ်ပြာတိုက်သူတိုက်၊ အဝတ်ဖွပ်သူဖွပ် အဲဒီလို စောင့်နေကြတာတဲ့။ ကျွန်တော်လည်း ဘာပြောကောင်းမလဲ ကျွန်တော့်အလှည့်ရောက်ပြီဆို တဗွမ်းဗွမ်း လောင်းချိုးတော့တာပဲ။ ကျွန်တော်တို့ချိုးတဲ့ ရေတွင်းက ဘယ်လောက်နက်သလဲတော့ မသိဘူး။ ရေပုံးချမလို့ ငုံ့ကြည့်လိုက်ရင် အောက်အဆုံးထိ မမြင်ရအောင် ရေတွင်းက မှောင်မည်းလို့နေတာပဲ။ ဒါပေမဲ့ ရေပုံးကြိုးကိုင်ပြီး ပုံးကိုပစ်ချလိုက်တာနဲ့ ရေပြင်နဲ့ ပုံး ထိတာကို ချက်ချင်းခံစားလို့ရတယ်။ ပြောချင်တာ ရေပြင်ဟာ ကျွန်တော်တို့နဲ့ အဝေးကြီးမှာ မဟုတ်ဘူး။ ကျွန်တော်တို့ လက်တစ်ကမ်းမှာ ရှိနေတယ် ဆိုတာပါပဲ။

အဲဒီတုန်းက အိပ်မက်ထဲမှာ ကျွန်တော် ရေတဗွမ်းဗွမ်းလောင်းချိုးတဲ့ အသံတွေပါ ကြားနေရတယ်။ ရေကလည်း မြေအောက်တွင်းနက်နက်ထဲက လာလို့လား မသိဘူး။ စိမ့်ပြီးအေးနေတာပဲတဲ့။ ရေနဲ့ ထိတွေ့ရတာကိုက အရသာရှိနေတာပဲ။ ကြာပြီလေ။ ဒီလိုရေမျိုးနဲ့ မထိတွေ့ခဲ့ရတာ။ ငယ်ငယ်တုန်းက မွန်ပြည်နယ် ပေါင်မြို့မှာရှိတဲ့ အဘိုးအဘွားတွေဆီ သွားလည်တုန်းကတော့ ကျွန်တော် အဲဒီလိုရေတွင်းမျိုးမှာ အခုလိုမျိုး ရေချိုးခဲ့ရဖူးတယ်။ အဲဒါက ငယ်စဉ်ကလေးဘဝက ချိုးခဲ့တာပါ။ အခု လက်ရှိ အချိန်မှာတော့ တွင်းရေမဟုတ်တဲ့ မော်တာနဲ့ စုပ်တင်ရတဲ့ ရေမျိုးပဲ နေ့စဉ်ချိုးနေရတာ မဟုတ်လား။ အဲဒါကြောင့်ဖြစ်မယ် ထင်တယ်။ ကျွန်တော်ဟာ အိပ်မက်ထဲမှာ ကြုံတုန်း ကြုံခိုက် အားရပါးရကို ချိုးနေတော့တာပဲတဲ့။ ထူးဆန်းတယ်ပြောရမလား အံ့သြစရာလို့ ပြောရမလား မသိဘူး။ ကျွန်တော် ဘယ်လောက်ချိုးချိုး နှုတ်ခမ်းတွေပြာ တစ်ကိုယ်လုံး ချမ်းတုန်ပြီး အဖျားတက်သလို မေးချင်းရိုက်မနေဘဲ နေလို့ကောင်းနေသတဲ့။ တကယ်ပါ။ အံ့ရောဗျာ။ အဲဒီတော့ ဒီကကောင်ကလည်း ဘာပြောကောင်းမလဲ။ လာထားပေါ့ဗျာ။ ရေငတ်တုန်း ရေတွင်းထဲ ကျဆိုသလို ရောက်တုန်းရောက်ခိုက် ချိုးလိုက်ဦးမှဆိုပြီး အနှစ်နှစ်အလလ ဒီလိုမျိုး မချိုးခဲ့ရလေသမျှ အတိုးချပြီး ချိုးတော့တာပါပဲ။ ရေမှာ အရသာရှိတယ်ဆိုတာ ဟုတ်တယ်ဗျ။ ကျွန်တော် ချိုးနေတဲ့ ရေကို မျက်နှာသစ်ပြီး ပါးစပ်ထဲ ငုံထွေးကြည့်တဲ့အခါ ချိုသလို ငန်သလို အရသာတစ်မျိုး ခံစားလိုက်ရတယ်။ အဲဒီအရသာဟာ အခုခေတ်ပေါ်  အချိုရည်မျိုးစုံနဲ့ ဘာမှမဆိုင်တဲ့ တစ်မူထူးခြားတဲ့ အရသာတစ်မျိုးပဲဗျ။ အခုခေတ်လူတွေက ရေကို သောက်ချင်စဖွယ်ဖြစ်အောင် ဓာတုပစ္စည်းတွေ ဆိုးဆေးတွေနဲ့ ပေါင်းစပ် ဖန်တီးပြီး သောက်ကြတာ မဟုတ်လား။ ပြီးတော့ အဲဒီအချိုရည်တွေကပဲ ကျွန်တော်တို့ကို ကျန်းမာရေး ချို့ယွင်းအောင် အမျိုးမျိုး ဒုက္ခပေးတော့တာပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့ဟာ ဒီအချိုရည်တွေကို မစွန့်ခွာနိုင်ဘဲ တရှိုက်မက်မက် သောက်သုံးမပြတ်ခဲ့ကြပါဘူး။ ဘာဆိုင်လို့လဲဗျာ။ အခု ကျွန်တော် သောက်လိုက်ရတဲ့ ရေက ဒီအချိုရည်တွေ ဘယ်လိုမှ လိုက်မမီတဲ့ သဘာဝတွင်းရေစစ်စစ်ဗျ။ ဘာဆိုးဆေး ညာဆိုးဆေးမှ မပါဘဲ သူ့အလိုအလျောက် သဘာဝက ဖန်တီးပေးထားတဲ့ အရသာတွေ ပျော်ဝင်နေတဲ့ ရေမျိုးဗျ။ ကောင်းမှကောင်း။ အရသာ ရှိမှရှိဗျာ။ ကျွန်တော်ဖြင့် ဒီလိုရေမျိုး သယ်သွားလိုရ င် သယ်ချင်စိတ်တောင် ပေါက်မိတယ်။ အဟုတ်ပဲ။ ဒါပေမဲ့ အိပ်မက်ထဲက ရေ ဖြစ်နေတာတော့ ဆိုးလှသဗျာ။

ကျွန်တော်ဟာ အိပ်မက်ထဲမှာ အဲဒီရေကို ချိုးလိုက် သောက်လိုက်နဲ့ မဝနိုင် မတင်းတိမ်နိုင်အောင် ဖြစ်နေတော့တာပေါ့။ အဲဒီ ရေတွင်းလေးမှာ ကျွန်တော် ရေချိုးလို့ ကောင်းနေတာ ရေသက်သက်ကြောင့်တော့ မဟုတ်ဘူးလို့ ‌ပြောရမယ်။ ဘာလို့လဲဆိုတော့ အဲဒီရေတွင်း ပတ်ပတ်လည်မှာ သစ်ပင်တွေကလည်း အရိပ်အာဝါသ ကောင်းကောင်းနဲ့ အုပ်ဆိုင်းဝေဆာနေကြတာကိုးဗျ။ အဲဒီလို ပတ်ဝန်းကျင် အခင်းအကျင်းကလည်း ရေတွင်းကလေးနဲ့ တွင်းထဲကရေကို ချိုးချင်စဖွယ်ဖြစ်‌အောင် ပံ့ပိုးကူညီပေးနေကြတာကို ကျွန်တော် သတိထားလိုက်မိတယ်။ ဟုတ်တာပေါ့။ အဲဒီသစ်ပင်တွေက ရေတွင်းကို အရိပ်မိုးပေးထားတော့ တွင်းထဲက ရေကလည်း ပိုစိမ့် ပိုအေးပြီပေါ့ဗျာ။ ဒါကြောင့်လည်း ကျွန်တော်ဟာ အဲဒီရေတွင်းကို မြင်လိုက်ရတဲ့အခိုက် မချိုးရမနေနိုင် ဖြစ်သွားတော့တာပေါ့။ ပင်လယ်ရေဟာ သောက်လေ သောက်လေ ငတ်မပြေသလို ဒီရေတွင်းဟာလည်း ချိုးလေချိုးလေ ချိုးမဝလေပါပဲ။

ကျွန်တော်ဟာ ဘေးနားက လူတစ်ယောက် ရေချိုးနေတုန်းမှာ ရေတွင်းနှုတ်ခမ်းပေါင်ကို လက်နဲ့ထိ ကိုင်စမ်းကြည့်မိတယ်။ ရေတွေစိုရွှဲနေတဲ့ အင်္ဂတေပေါင်ဟာ ချောကျိနေတယ်။ သူ့ကိုထိတွေ့ရတာ ရေ တစိမ့်စိမ့်ထွက်နေတဲ့ ကျောက်တုံးတစ်တုံးကို ထိကိုင်ရသလိုပဲ။ စမ်းရေအမြဲစိမ့် ထွက်နေတဲ့ ကျောက်တုံးဟာ မာကျောမှု၊ ပူလောင်မှု၊ ကြမ်းတမ်းမှုတွေ ပျောက်ပြီး နူးညံ့အေးမြတဲ့ အထိအတွေ့ ပေးစွမ်းနိုင်သလိုပါပဲ။ ဒီအင်္ဂတေရေတွင်းပေါင်ဟာ ကျွန်တော့်လက်ထဲမှာ ပျော့ပျောင်းနူးညံ့ပြီး အေးမြ သိမ်မွေ့နေသလိုပါပဲ။ နောက်ပြီးတော့ ကျွန်တော့်ခါးတစ်ဝက်လောက် အမြင့်ရှိတဲ့ ရေတွင်းပေါင် ပတ်ပတ်လည်ဟာလည်း ရေနဲ့အမြဲ ထိတွေ့နေရလို့ ရေညှိစိမ်းစိမ်းလေးတွေတက်ပြီး ချောမွေ့စိမ်းစိုနေကြ ပြန်တယ်။ ကျွန်တော်ဟာ အိပ်မက်ထဲက ရေတွင်းကို အမျိုးမျိုး အဖုံဖုံလှည့်ပတ်ကြည့် ပြီး သဘောအကျကြီး ကျနေမိတယ်။ နောက်တစ်ခါ ကျွန်တော့်အလှည့် ရောက်လာပြန်တာမို့ နောက်တစ်ခေါက် ရေထပ်ချိုးပါတယ်။ အဲဒီလို ရေချိုးနေရင်း ကျွန်တော် ပြုံးလိုက်မိတယ်။ အမေသာ အနားမှာ ရှိရင်တော့ “ဟဲ့ကောင်လေး ဒါလောက်ချိုးရလှ တော်ရောပေါ့။ အအေးပတ်တော့မယ် မြန်မြန်လာခဲ့စမ်း” လို့ လှမ်းအော်ပြောမှာ သေချာပါတယ်။ အခုတော့ အနားမှာ ဆူမယ့် အမေကလည်း မရှိဘူးဆိုတော့ ကျွန်တော့် စိတ်ကြိုက် အားရပါးရ ချိုးနေမိတော့တာပါပဲ။

အဲဒီရေတွင်းကို အိပ်မက်မက်ပြီး နောက်တစ်နေ့မှာလည်း ကျွန်တော် နောက်ရေတွင်းတစ်ခုကို ထပ်မက်ပြန်ပါတယ်။ ဒီတစ်ခါမက်တဲ့ ရေတွင်းက တွင်းနှုတ်ခမ်းပေါင် မပါဘူး။ ရေတွင်းနှုတ်ခမ်းအဝမှာ မြေစိုင်ခဲလေးတွေနဲ့ အုတ်ခဲ တစ်လုံးစ နှစ်လုံး စသာ တွေ့ရတယ်။ အဝေးကကြည့်ရင် ရေတွင်းမှန်း သိသာအောင် သစ်ခက်လေး သုံးလေးခက်လည်း ချထားတာတွေ့ရတယ်။ ပြီးတော့ အဲဒီရေတွင်း ပတ်ပတ်လည်မှာလည်း အရိပ်ရအပင်လေးတွေ သုံးလေးပင် စိုက်ထားကြတယ်။ ကျွန်တော်ဟာ အဲဒီရေတွင်း တွေ့တော့လည်း ရေငင်ပုံးလေး တွင်းထဲပစ်ချပြီး တဗွမ်းဗွမ်းလောင်းချိုးတာပဲတဲ့။ သူလည်းပဲ ချိုးလို့ကောင်းတဲ့ ရေတွင်းကလေး ဖြစ်နေပြန်တယ်။ ဒါပေမဲ့ အနီးအနားက လူအချို့ကတော့ ရေတွင်းရှိရာ ပြေးသွားပြီး အငမ်းမရ ချိုးနေတဲ့ ကျွန်တော့်ကို တအံ့တသြ လှမ်းကြည့်နေကြသတဲ့။ သူတို့စိတ်ထဲ ကျွန်တော့်ကို ရေမရှိတဲ့အရပ်က ရောက်လာတဲ့ သတ္တဝါလို့များ ထင်မြင်ယူဆနေကြသလား မသိပါဘူး။ ကျွန်တော်ကတော့ ဘယ်သူမှ ဂရုမစိုက်ဘဲ ချိုးမြဲချိုးနေလိုက်တော့တယ်။ ချိုးလို့ကလည်း ကောင်းမှ ကောင်း။ အရသာကလည်း ရှိမှရှိဗျာ။ ကြာနီကန်ဆရာတော်ပြောသလို ပြောရရင် အပြန် ဒီရေတွင်းလေး သေတ္တာထဲ ကောက်ထည့်သွားလိုက်ချင်သေးဗျာ။ အဟုတ်ပဲ။

အဲဒီလိုနဲ့ ကျွန်တော်ဟာ ညစဉ်ညတိုင်း ရေတွင်းတွေ တစ်ခုပြီး တစ်ခု အိပ်မက်မက်နေတော့တယ်။ တစ်ညကို ရေတွင်း တစ်တွင်း။ ရေတွင်းတွေကလည်း ပုံစံမျိုးစုံ။ အချို့ရေတွင်းဆို အပေါ်မှာ သွပ်အမိုးလေးတောင်ပါသေး။ အံမယ် သပ်သပ်ရပ်ရပ် စနစ်တကျ ပဲဗျ။ ကျွန်တော့် အိပ်မက်ထဲက ရေတွင်းအားလုံးမှာ တူညီတဲ့ အချက်တစ်ခုကတော့ ရေတွင်းတိုင်း အေးစိမ့်ပြီး ချိုးလို့ကောင်းနေတာပါပဲ။ ပြီးတော့ ရေချိုးလို့မပြီးခင် အိပ်မက်ကနေ ကျွန်တော် ပြန်ပြန်နိုးလာတာလည်း တူညီတဲ့အချက်ပါပဲ။

ဒါပေမဲ့ တစ်ခုတော့ စိတ်မကောင်းဖြစ်မိတယ်။ အဲဒါက ဘာလဲဆိုတော့ အိပ်မက်ကနေ ကျွန်တော် ပြန်နိုးလာတိုင်း တစ်ကိုယ်လုံး မခံမရပ်နိုင်အောင် ပူလောင်ပြီး ရေကို အဆမတန် ငတ်မွတ် တောင့်တနေမိတာပါပဲ။

Most Read

Most Recent