ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲသို့ ပြည်သူ့ပါတီက တက်ရောက်မည်ဟု ဆုံးဖြတ်ခဲ့ခြင်းကြောင့် မန္တလေးတိုင်းဒေသကြီး ပြည်သူ့ပါတီဥက္ကဋ္ဌ အပါအဝင် ခြောက်ဦး နုတ်ထွက်

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲသို့ ပြည်သူ့ပါတီက တက်ရောက်မည်ဟု ဆုံးဖြတ်ခဲ့ခြင်းကြောင့် မန္တလေးတိုင်းဒေသကြီး ပြည်သူ့ပါတီဥက္ကဋ္ဌ အပါအဝင် ခြောက်ဦး နုတ်ထွက်
၂၀၂၀ ပြည့်နှစ် သြဂုတ်လအတွင်းက မန္တလေးခရိုင် ပုသိမ်ကြီးမြို့နယ် ပြည်သူ့ပါတီရုံး ဖွင့်ပွဲကို တွေ့ရစဉ်
၂၀၂၀ ပြည့်နှစ် သြဂုတ်လအတွင်းက မန္တလေးခရိုင် ပုသိမ်ကြီးမြို့နယ် ပြည်သူ့ပါတီရုံး ဖွင့်ပွဲကို တွေ့ရစဉ်
Published 18 May 2021
ဌေးလှအောင်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ အသစ်ပြန်လည် ဖွဲ့စည်းပေးထားသည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံမည့်ပွဲသို့ ပြည်သူ့ပါတီမှ တက်ရောက်မည်ဟု ဆုံးဖြတ်ခဲ့ခြင်းကြောင့် မန္တလေးတိုင်းဒေသကြီး ပြည်သူ့ပါတီဥက္ကဋ္ဌ အပါအဝင် ခြောက်ဦး နုတ်ထွက်ခဲ့ကြောင်း စုံစမ်းသိရသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) နှင့် တရားဝင် မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီများ၏ တွေ့ဆုံပွဲကို မေ ၂၁ ရက်တွင် တွေ့ဆုံဆွေးနွေးသွားနိုင်ရန်အတွက် UEC က စီစဉ်ထားကြောင်း သိရသည်။

အဆိုပါ UEC နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးပွဲနှင့် ပတ်သက်၍ ပြည်သူ့ပါတီ ဗဟိုအလုပ်အမှုဆောင်များက မေ ၁၇ ရက်က အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ကြကာ ပြည်သူ့ပါတီ အနေဖြင့် တွေ့ဆုံဆွေးနွေးပွဲ တက်ရောက်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း နုတ်ထွက်ခဲ့သည့် မန္တလေးတိုင်းဒေသကြီး ပြည်သူ့ပါတီဥက္ကဋ္ဌက ပြောကြားသည်။

“ ဒီ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က စစ်အစိုးရခေတ်မှာ ဖွဲ့စည်းထားတဲ့ ကော်မရှင်ဖြစ်တယ်။ ပထမအကြိမ် တွေ့ဆုံပွဲတုန်းက ကျွန်တော်တို့ပါတီက တက်ရောက်ခဲ့ခြင်း မရှိပါဘူး။ အခုကော်မရှင်က ဖိတ်တာကို ပါတီကနေ အစည်းအဝေး သွားတက်မှာကို မူအရ လက်မခံနိုင်တာကြောင့် ကျွန်တော်တို့က နုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။ ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်ထဲက အထွေထွေအတွင်းရေးမှူးနဲ့ အဖွဲ့ဝင် တစ်ဦးလည်း နုတ်ထွက်တယ်လို့ ကြားရပါတယ်ဗျ။ ကျွန်တော်တို့ မန္တလေးတိုင်းကတော့ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ စည်းရုံးရေးမှူး အပါအဝင် ခြောက်ဦး နုတ်ထွက်ထားပါတယ်။ ကျွန်တော်တို့မူနဲ့ ကျွန်တော်တို့က နုတ်ထွက်ထားတာ ဖြစ်ပါတယ်။ ပါတီဘက်ကတော့ ကျွန်တော်တို့ဆီကို ဘာမှ စာထုတ်လာတာမျိုး မရှိသေးပါဘူး”ဟု နုတ်ထွက်ထားသည့် မန္တလေးတိုင်းဒေသကြီး ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကျော်ကျော်စိုးက ပြောကြားသည်။

ထိုသို့ UECနှင့် တွေ့ဆုံပွဲသို့ ပြည်သူ့ပါတီက တက်ရောက် ဆွေးနွေးရန် ဆုံးဖြတ်ခဲ့ခြင်းကြောင့် ပြည်သူ့ပါတီဗဟိုမှ အထွေထွေအတွင်းရေးမှူး ဦးရဲနိုင်အောင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် တစ်ဦးတို့ နုတ်ထွက်ခဲ့ကြကြောင်း သိရသည်။ ထို့ပြင် မန္တလေးခရိုင်အတွင်းရှိ ပြည်သူ့ပါတီမှ တာဝန်ရှိသူအချို့လည်း နုတ်ထွက်ခဲ့ကြကြောင်း စုံစမ်းသိရပြီး ကျောက်ဆည်မြို့နယ်တွင် ပါတီမှ အားလုံး နုတ်ထွက် သွားခဲ့ကြောင်းလည်း စုံစမ်းသိရသည်။

ပြည်သူ့ပါတီမှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အသစ်နှင့် နိုင်ငံရေးပါတီများ၏ ဖေဖော်ဝါရီလအတွင်းက တွေ့ဆုံခဲ့သည့်ပွဲသို့ တက်ရောက်ခဲ့ခြင်း မရှိဘဲ ယခု ဒုတိယအကြိမ်မြောက် တွေ့ဆုံပွဲမှသာ တက်ရောက်ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

လာမည့် မေ ၂၁ ရက်တွင် UEC နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲ ပြုလုပ်မည်ဖြစ်ပြီး NLD ပါတီ အပါအဝင် တရားဝင် မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီများ အားလုံးကို ဖိတ်ကြားထားကြောင်းနှင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလ တွေ့ဆုံမှုတွင် ဆုံးဖြတ်ချက် ခုနစ်ချက် ရရှိထားကြောင်း UEC အဖွဲ့ဝင်က မေ ၁၅ ရက် က ပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲ၌ ပြောကြားထားသည်။

Most Read

Most Recent