ဧရာဝတီတိုင်းဒေသကြီးရှိ မြို့နယ်ငါးမြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်မရှိဘဲ မဲစာရင်းတွင်ပါဝင်နေသူ တစ်သိန်းကိုးသောင်းကျော်ရှိကြောင်း ရွေးကောက်ပွဲကော်မရှင် သတင်းထုတ်ပြန်

ဧရာဝတီတိုင်းဒေသကြီးရှိ မြို့နယ်ငါးမြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်မရှိဘဲ မဲစာရင်းတွင်ပါဝင်နေသူ တစ်သိန်းကိုးသောင်းကျော်ရှိကြောင်း ရွေးကောက်ပွဲကော်မရှင် သတင်းထုတ်ပြန်
Published 18 May 2021

ဧရာဝတီတိုင်းဒေသကြီးရှိ မြောင်းမြ မြို့နယ်၊ အိမ်မဲမြို့နယ်၊ ၀ါးခယ်မမြို့နယ်၊ လပွတ္တာမြို့နယ်နှင့် မော်လမြိုင်ကျွန်းမြို့နယ်တို့တွင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ၌ နိုင်ငံသားစိစစ်ရေးကတ်မရှိဘဲ မဲစာရင်းတွင် ပါဝင်နေသူ ၁၉၉၈၅၃ ရှိကြောင်း မေ ၁၇ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် အထွေထွေရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ ဧရာဝတီတိုင်းဒေသကြီးရှိ အဆိုပါ မြို့နယ်ငါးမြို့နယ်တို့၏ မဲဆန္ဒရှင် စာရင်းများနှင့် ဆန္ဒမဲလက်မှတ်များ ထုတ်ယူ၊ ရရှိ၊ သုံးစွဲ၊ လက်ကျန် မြေပြင်အခြေအနေများကို စစ်ဆေးခဲ့ပြီး ထိုသို့စစ်ဆေးရာတွင် မြို့နယ်အလိုက် မဲဆန္ဒရှင်စာရင်းများ စိစစ်တွေ့ရှိမှုနှင့်ပတ်သက်၍ အထက်ပါအတိုင်း သတင်းထုတ်ပြန်ခြင်းဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီးရှိ အဆိုပါ မြို့နယ် ငါးမြို့နယ်တွင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ၌ နိုင်ငံသား စိစစ်ရေးကတ်တစ်ခုတည်းဖြင့် မဲစာရင်းတွင် သုံးကြိမ်နှင့်အထက် ပါဝင်နေသူ ၁၀၂၇၉ ဖြစ်ပြီး နိုင်ငံသား စိစစ်ရေးကတ်တစ်ခုတည်းဖြင့် မဲစာရင်းတွင် နှစ်ကြိမ်ပါဝင်နေသူ ၁၁၇၅၉၈ ဖြစ်ကြောင်း အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မဲဆန္ဒရှင်စာရင်းစစ်ဆေးချက်များအရ ဧရာဝတီတိုင်းဒေသကြီးရှိ အဆိုပါ မြို့နယ် ငါးမြို့နယ်တွင် ယခင် ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့သည့် မဲဆန္ဒရှင်စာရင်းမှာ ၁၀၅၁၈၂၉ ဦး၊ အလုပ်သမာ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာစာရင်းအရ အသက် ၁၈ နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများမှာ ၉၉၁၁၉၄ ဖြစ်ကြောင်း အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၃ အရ ဧရာဝတီတိုင်းဒေသကြီးရှိ အဆိုပါ မြို့နယ် ငါးမြို့နယ်တို့၏ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲတွင် အသုံးပြုခဲ့သည့် ဆန္ဒမဲလက်မှတ်များ ထုတ်ယူ၊ ရရှိ၊ သုံးစွဲ၊ လက်ကျန် အခြေအနေများကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာမြို့နယ်အလိုက် ယခင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဦးစီးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ သက်ဆိုင်ရာမြို့နယ်များရှိ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့်အတူ မြေပြင်ဖွင့် ဖောက်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်းလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်သည်။

မြေပြင်စစ်ဆေးချက်များအရ အဆိုပါ မြို့နယ် ငါးမြို့နယ်တွင် မဲရုံပေါင်း ၁၃၈၀ ရုံ၊ စုစုပေါင်း ထုတ်ယူရရှိခဲ့သော ဆန္ဒမဲလက်မှတ် အရေအတွက်မှာ ၁၁၇၈၉၁၅ ဖြစ်ပြီး မဲပေး အသုံးပြုခဲ့သော လက်မှတ်ဖြတ်ပိုင်းများမှာ ၇၅၈၅၈၉၊ ကျန်ရှိရမည့်အရေအတွက်မှာ ၄၂၀၃၂၆၊ မြေပြင်လက်ကျန် ၃၈၄၉၇၅ ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်သည်။

ကွာခြားချက်အနေဖြင့် အဆိုပါ မြို့နယ် ငါးမြို့နယ်တွင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ၌ ကျန်ရှိရမည့် အရေအတွက်ထက် လျော့နည်းသော ဆန္ဒမဲလက်မှတ်အရေအတွက် ၅၅၇၃၇ ဖြစ်ပြီး အပိုတွေ့ရှိရသော မဲလက်မှတ်အရေအတွက်မှာ ၂၀၃၈၆ ဖြစ်ကာ မြို့နယ်အလိုက် ဆန္ဒမဲလက်မှတ်များ လျော့နည်းပျောက်ဆုံးခြင်းနှင့် တရားမဝင်အပို ရရှိနေခြင်းတို့ကို တွေ့ရှိရကြောင်း ကော်မရှင်က သတင်းထုတ်ပြန်သည်။

Most Read

Most Recent