ခေါင်းဆောင်ကောင်း အရည်အသွေးများ

ခေါင်းဆောင်ကောင်း အရည်အသွေးများ
Published 18 May 2021

“ခေါင်းဆောင်မှုဆိုတာ အသိအမြင်ကို အရှိတရားဖြစ်အောင် ပြောင်းလဲနိုင်တဲ့ အရည်အသွေးပါပဲ”

၀ါရန်းဘန်နစ် (၁၉၂၅- ၂၀၁၄)

(ခေတ်ပြိုင်ပညာရပ်နယ်ပယ်၌ ခေါင်းဆောင်မှုကို လေ့လာခြင်းဘာသာရပ်ကို အုတ်မြစ်ချခဲ့သူတစ်ဦးအဖြစ် ထင်ရှားသည့် အမေရိကန်စာရေးဆရာ)

တရားဝင် ရာထူးမရှိသည့်တိုင် လူများက ၎င်းတို့၏ သဘောဆန္ဒအလျောက် မိမိ၏နောက်သို့ လိုက်လိုကြသည့် ခေါင်းဆောင်မျိုး ရှိတတ်သည်။ သို့သော် ခေါင်းဆောင်ရာထူးနေရာကို ရရှိထားရုံဖြင့် အများ၏ ယုံကြည်မှုနှင့် လေးစားမှုကို အလိုအလျောက်ရရှိမည် မဟုတ်ပါ။ လူအများ အမှန်တကယ်လက်ခံပြီး ခေါင်းဆောင်တစ်ဦး ဖြစ်လာနိုင်သော နည်းလမ်းခုနစ်ရပ် ရှိသည်။

၁။ (မိမိ နှစ်သက်လိုလားမှု မရှိသည့်တိုင်) မိမိတစ်ဝိုက်မှ လူများအား လေးစားမှုကိုပြပါ - နိုးကြားမှုရှိသော ဝန်ထမ်းများ သို့မဟုတ် အလိုက်သိသော ဖောက်သည်များနှင့် အလုပ် လုပ်ရသည့်အခါ လေးစားမှုကိုပြသရန် လွယ်ကူသည်။ သို့သော် သဘာဝမကျသော တောင်းဆိုမှုများဖြင့် မိမိအား အချိန်ကုန်လွန်စေမည့် ဖောက်သည်များ သို့မဟုတ် အလဟဿ အချိန်ဖြုန်းသည့် ဝန်ထမ်းများနှင့်မူ ခက်ခဲပေလိမ့်မည်။ မည်သို့ပင်ဆိုစေကာမူ လူများကို ၎င်းတို့၏ ဂုဏ်သိက္ခာအား ထိန်းသိမ်းပေးလျက် ၎င်းတို့၏ လူသားအဖြစ် ဖြစ်တည်မှုကို တန်ဖိုးထားလျက် ဆက်ဆံရမည် ဖြစ်သည်။

၂။ (အသိပေးရုံသာမက လှုံ့ဆော်နိုင်သော ပုံစံမျိုးဖြင့်) ဆက်ဆံပြောဆိုပါ - ပဋိပက္ခများကို ရှောင်ရှားရန်နှင့် မျှော်လင့်ထားသည်များကို ရှင်းလင်းအောင် ဖော်ပြရန်အတွက် ရှင်းလင်းတိကျစွာ ဆက်ဆံပြောဆိုမှုသည် အရေးကြီးကြောင်း ခေါင်းဆောင်ကောင်းများ သိကြသည်။ သို့သော် ဆက်ဆံပြောဆိုမှုသည် အချက်အလက်များ အသိပေးခြင်းထက် များစွာပိုသည်။ ဆက်ဆံပြောဆိုမှု၌ လှုံ့ဆော်မှုနှင့် ဆွဲဆောင်မှု ပါဝင်ရမည် ဖြစ်သည်။

၃။ (အချိန်၊ အားပေးတိုက်တွန်းမှု၊ တာဝန်ယူမှုတို့နှင့် ပတ်သက်၍) လှိုက်လှဲရက်ရောမှု ရှိပါစေ - ရက်ရောမှုဟူသည် ဝန်ထမ်းများအား ပျော်ရွှင်အောင် လက်ဆောင်နှင့် ငွေကြေး များ ပေးရုံသက်သက် မဟုတ်ပါ။ ဝန်ထမ်းများအား အားပေးတိုက်တွန်းမှုနှင့် ချီးကျူးမှု တို့လည်း ရှိရမည် ဖြစ်သည်။

၄။ (စိတ်အားထက်သန်မှုဟူသည် ကူးစက် ပျံ့နှံ့နိုင်သောကြောင့်) မိမိ၏ ထက်သန်မှုကို ဖော်ပြပါ - မှန်ကန်သည့် စိတ်အားထက်သန်မှုဟူသည် ကူးစက်ပျံ့နှံ့လွယ်သော သဘောရှိသည်။ မိမိလုပ်နေသော အလုပ်နှင့် ပတ်သက်၍ အမှန်တကယ် စိတ်အားထက်သန်မှု ရှိသည့်အခါ ယင်းထက်သန်မှုသည် မိမိအနီးတစ်ဝိုက်ရှိ လူများအားလည်း နိုးကြားမှုကို ပေးသည်။ ထို့ကြောင့် မိမိ၏ ထက်သန်မှုများကို မိမိအနားတစ်ဝိုက်ရှိ လူများအား ထုတ် ဖော်ပြသရန် လိုသည်။

၅။ မိမိကိုယ်မိမိ နှိမ့်ချပါ (သို့သော် မိမိကို သဘောလွယ်သူဟု အထင်မခံစေရ) - အလုပ်ခွင်၌ မိမိကိုယ်မိမိ နှိမ့်ချခြင်းသည် မိမိ၏ အလုပ် သို့မဟုတ် စိတ်ကူးအား အထင်မကြီးအောင် ပြုလုပ်ခြင်းနှင့် မတူပါ။ ထို့အတူ အခြားသူများက မိမိအား ကျော်စေ ခွစေ သဘောမျိုးလည်း မဆောင်ပါ။ နှိမ့်ချခြင်း၏ အဓိပ္ပာယ်အမှန်မှာ မိမိ၏ အမှားများအတွက် တာဝန်ယူခြင်းနှင့် မိမိ၏ နောက်လိုက်များက တစ်စုံတစ်ရာကို မိမိထက် ပိုမိုကောင်းမွန်အောင် ပြုလုပ်နိုင်သည့်အခါ အသိအမှတ်ပြု ချီးကျူးခြင်းဖြစ်သည်။

၆။ ဆုံးဖြတ်ချက် ပြတ်သားပြီး (မိမိဆုံးဖြတ်ချက်များအတွက် တာဝန်ယူပါ) - ခေါင်းဆောင်ကောင်းများသည် ခိုင်မာသော ဆုံးဖြတ်ချက်များ ချမှတ်တတ်ပြီး ယင်းဆုံးဖြတ်ချက်မှ ထွက်ပေါ်လာသော ရလဒ်များကိုလည်း တာဝန်ခံတတ်ကြသည်။

၇။ (ထိတ်လန့် တုန်လှုပ်နေသည့်တိုင်) သတ္တိကိုပြပါ - ခေါင်းဆောင်များအားလုံးသည် အချိန်နှင့်အမျှ ထိတ်လန့်တုန်လှုပ်မှုများ ရှိတတ်သည်။ အန္တရာယ်များ၊ ကျရှုံးမှုများနှင့် ယှဉ်ပြိုင်မှုများအပေါ် တုန်လှုပ်နေတတ်သည်။ သို့သော် ခေါင်းဆောင်ကောင်းများသည် တုန်လှုပ်နေသည့်ကြားမှပင် အခက်အခဲကို ရင်ဆိုင်ရာ၌ သတ္တိကို ပြကြသည်။

မည်သို့ပင် ဆိုစေကာမူ ခေါင်းဆောင်ကောင်း အရည်အသွေးများသည် မွေးရာပါ မဟုတ်ဘဲ အချိန်နှင့်အမျှ လေ့လာလေ့ကျင့်ခြင်းမှ လာခြင်းဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

မေလ ၁၉ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

Most Read

Most Recent