မြန်မာ့တပ်မတော်နှင့်ဆက်နွှယ်သော အဖွဲ့အစည်းတစ်ခုနှင့် လူပုဂ္ဂိုလ် ၁၆ ဦးအား ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုအသစ် ချမှတ်လိုက်ကြောင်း အမေရိကန်သံရုံး ထုတ်ပြန် 

မြန်မာ့တပ်မတော်နှင့်ဆက်နွှယ်သော အဖွဲ့အစည်းတစ်ခုနှင့် လူပုဂ္ဂိုလ် ၁၆ ဦးအား ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုအသစ် ချမှတ်လိုက်ကြောင်း အမေရိကန်သံရုံး ထုတ်ပြန် 
Published 18 May 2021

မြန်မာ့တပ်မတော်နှင့် ဆက်နွှယ်သော အဖွဲ့အစည်းတစ်ခုနှင့် လူပုဂ္ဂိုလ် ၁၆ ဦးအား ဒဏ်ခတ်အရေးယူမှု အသစ်များ ထပ်မံချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက မေ ၁၈ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

လတ်တလောတွင် ချင်းပြည်နယ် မင်းတပ်မြို့အပါအဝင် ပြည်သူလူထုအပေါ် ဆက်လက်ကျူးလွန်မှုများ ရှိနေပြီး ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိရေး ဆောင်ရွက်ခြင်းမရှိသည့်အပေါ် တုံ့ပြန်သည့်အနေဖြင့် ယခုကဲ့သို့ ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုအသစ်များ ချမှတ်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ အမိန့်အမှတ် ၁၄၀၁၄ အရ ဒဏ်ခတ်ပိတ်ဆို့ အရေးယူရန် သတ်မှတ်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် လေးဦး၊ တပ်မတော်က ခန့်အပ်ထားသော အစိုးရအဖွဲ့ဝင် ကိုးဦးနှင့် ယခင်က ဒဏ်ခတ်ပိတ်ဆို့အရေးယူထားသော တပ်မတော်အရာရှိများ၏ သား၊ သမီး သုံးဦးတို့ကိုလည်း သမ္မတအမိန့်အမှတ် ၁၄၀၁၄ အရ ဒဏ်ခတ်ပိတ်ဆို့ အရေးယူလိုက်ကြောင်း ဖော်ပြထားသည်။

မြန်မာ့တပ်မတော်အပေါ် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်နေသည့် ယူနိုက်တက်ကင်းဒမ်း၊ ကနေဒါနိုင်ငံတို့နှင့်အတူ ကြေညာခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးအပြောင်းအလဲများနှင့် ပတ်သက်၍လည်း အမေရိကန်ပြည်ထောင်စုအနေဖြင့် တာဝန်ရှိသူများကို တာဝန်ခံစေရေးအတွက် ဆက်လက်တိုးမြှင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောကြားထားသည်ဟု ပါရှိသည်။

အဆိုပါဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုသည် နိုင်ငံအတွင်း အကြမ်းဖက်မှုများ မရပ်တန့်မချင်း၊ ပြည်သူလူထု၏ဆန္ဒကို မဖော်ဆောင်မချင်း နိုင်ငံရေးနှင့် ဘဏ္ဍာရေးအရ ဖိအားပေးခြင်းဖြစ်ကြောင်း သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တာဝန်ယူမှု တာဝန်ခံမှုရှိစေရေးနှင့် နောက်ထပ်အကြမ်းဖက်မှုများကို ဟန့်တားနိုင်ရေးအတွက် လက်နက်တင်ပို့မှု ပိတ်ပင်တားဆီးရေး၊ စစ်အသုံးအဆောင်ပစ္စည်းများ ရောင်းချမှု ဆိုင်းငံ့ရေးနှင့် တပ်မတော်ပိုင်လုပ်ငန်း အဖွဲ့အစည်းများနှင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ရပ်တန့်ရေးအပါအဝင် တပ်မတော်အပေါ် ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုများ လုပ်ဆောင်ရန် အမေရိကန်နိုင်ငံက နိုင်ငံအားလုံးကို တိုက်တွန်းကြောင်းလည်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လတ်တလောထုတ်ပြန်ခဲ့သော ကြေညာချက်ကို ထပ်လောင်းပြောကြားသည့်အနေဖြင့် မကြာသေးမီက ထုတ်ပြန်ခဲ့သော အာဆီယံသဘောတူညီချက် ငါးရပ်အစီအစဉ်ကို အမေရိကန်နှင့် G7 မိတ်ဖက်နိုင်ငံများက ကြိုဆိုကြောင်း၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အာဆီယံ၊ ကုလသမဂ္ဂတို့နှင့် အမြန်ဆုံး ခြွင်းချက်မရှိ ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းကြောင်း၊ ထပ်မံ၍လည်း အမေရိကန်အနေဖြင့် အကျပ်အတည်းများ အဆုံးသတ်ရေးအတွက် အားလုံးပါဝင်သော နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှု အစီအစဉ်တစ်ရပ် စတင်နိုင်ရေးနှင့် အာဆီယံနှင့် ကုလသမဂ္ဂတို့၏ ကြိုးပမ်းအားထုတ်မှုကို အားပေးကူညီသွားရန် အဆင်သင့်ရှိနေကြောင်း ဖော်ပြထားသည်။  

Most Read

Most Recent