ယူကေနိုင်ငံက မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း (MGE) ကို အရေးယူပိတ်ဆို့မှုအသစ် ချမှတ်ပြီး မြန်မာနိုင်ငံအား ထပ်တိုးအရေးယူမှု ပြုလုပ်

ယူကေနိုင်ငံက မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း (MGE) ကို အရေးယူပိတ်ဆို့မှုအသစ် ချမှတ်ပြီး မြန်မာနိုင်ငံအား ထပ်တိုးအရေးယူမှု ပြုလုပ်
Published 18 May 2021

ယူကေနိုင်ငံက မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း (MGE) ကို အရေးယူပိတ်ဆို့မှုအသစ် ချမှတ်ပြီး မြန်မာနိုင်ငံအား ထပ်တိုးအရေးယူမှု ပြုလုပ်လိုက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ယူကေသံရုံးက မေ ၁၇ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ယခု နောက်ဆုံးချမှတ်လိုက်သော ဒဏ်ခတ်ပိတ်ဆို့မှုများသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွက် အဓိက ရန်ပုံငွေရင်းမြစ်များကို ဖြတ်တောက်ရန် ရည်ရွယ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယူကေနိုင်ငံခြားရေးဝန်ကြီး ဒေါမနစ်ရဲဘ်က “ယူကေက မဟာမိတ်နိုင်ငံတွေနဲ့ လက်တွဲပြီး တပ်မတော်ရဲ့ ဘဏ္ဍရေးလက်လှမ်းမှီရရှိနေမှုကို ပိတ်ဆို့နိုင်တဲ့ ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်ဖို့နဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ရှင်သန်နိုင်‌ရေးအတွက် ဆောင်ရွက်နေပါတယ်” ဟု ပြောကြားသည်။ 

ယင်းသို့ ကျောက်မျက်ပိုင်ဆိုင်မှုများကို ပိတ်ဆို့အရေးယူခြင်းသည် ယူကေနိုင်ငံတွင် MGE က ပိုင်ဆိုင်သော သို့မဟုတ် ထိန်းချုပ်ထားသော ငွေကြေး သို့မဟုတ် စီးပွားရေး အရင်းအမြစ်များနှင့်ပတ်သက်ဆက်နွှယ်မှုများ ဆောင်ရွက်ခြင်းကို ဟန့်တားကာကွယ်ပေးကြောင်းနှင့် MGE ကို ငွေကြေး သို့မဟုတ် စီးပွားရေးရင်းမြစ်များ ပံ့ပိုးမည့်သူများကိုလည်း တားမြစ်ထားနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုထုတ်ပြန်ချက်ကို ယူကေနိုင်အနေဖြင့် အမေရိကန်ပြည်ထောင်စု၊ ကနေဒါနိုင်ငံတို့နှင့်အတူ ပူးတွဲထုတ်ပြန်ကြေညာခြင်းဖြစ်ပြီး ယင်းကြေငြာချက်မှာ မကြာသေးမီက ပြုလုပ်ခဲ့သည့် ကမ္ဘာထိပ်သီး ခုနစ်နိုင်ငံ G7 အစည်းအဝေးနှင့် အာဆီယံအစည်းအဝေးပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လုပ်ဆောင်ချက်များကို ပြင်းထန်စွာဆန့်ကျင်သော နိုင်ငံတကာအသိုင်းအဝိုင်း၏ စုပေါင်းရပ်တည်မှုကို ထပ်လောင်း အတည်ပြုခြင်းဖြစ်သည်ဟုလည်း ပါရှိသည်။ 

မကြာသေးမီက ဂျပန်နှင့် ကိုရီးယားနိုင်ငံတို့က မြန်မာနိုင်ငံသို့ လက်နက်ရောင်းချမှုကို ရပ်ဆိုင်းကြောင်း ကြေညာချက်အပေါ် ယူကေ၊ အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါနိုင်ငံတို့က ကြိုဆိုခဲ့ပြီး ယူကေနှင့် G7 နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံသို့ လက်နက်ရောင်းချမှုအားလုံးကို ချက်ချင်းရပ်ဆိုင်းရန် ထပ်လောင်းပြောဆိုသည့်အပြင် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့်လည်း အလားတူအစီအမံများ လုပ်ဆောင်ရန် မြန်မာနိုင်ငံဆိုင်ရာ ယူကေသံရုံး၏ မေ ၁၇ ရက် ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။

Most Read

Most Recent