ကျောင်းသားများ ကျောင်းတက်နိုင်ရန်အတွက် ကျောင်းပတ်ဝန်းကျင်လုံခြုံရေးအပြင် ကျောင်းလာသည့် လမ်းများ၏ လုံခြုံရေးကိုပါ စီမံဆောင်ရွက်ထားဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ပြောကြား

ကျောင်းသားများ ကျောင်းတက်နိုင်ရန်အတွက် ကျောင်းပတ်ဝန်းကျင်လုံခြုံရေးအပြင် ကျောင်းလာသည့် လမ်းများ၏ လုံခြုံရေးကိုပါ စီမံဆောင်ရွက်ထားဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ပြောကြား
Published 15 May 2021
အောင်မင်းသိန်း

ကျောင်းသားများ ကျောင်းတက်နိုင်ရန်အတွက် ကျောင်းပတ်ဝန်းကျင်လုံခြုံရေး၊ ကျောင်းသားများနှင့် ဆရာ၊ ဆရာမများ၏ လုံခြုံရေးအပြင် ကျောင်းကိုလာရောက်သည့် လမ်းများ၏ လုံခြုံရေးကိုပါ စီမံဆောင်ရွက်ထားကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

မေ ၁၅ ရက်က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနရုံးတွင် ကျင်းပသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် လုံခြုံရေးအတွက် မည်သို့စီမံဆောင်ရွက်ထားသည်ကို သိလိုကြောင်း သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။

“ ကျောင်းတက်နိုင်ဖို့အတွက် ကျောင်းသားကျောင်းသူတွေတင်မကပါဘူး၊ ကျွန်တော်တို့က ကျောင်းပတ်ဝန်းကျင် လုံခြုံရေးလည်း ရှိတယ်။ နောက်တစ်ခုကတော့ လုံခြုံရေးမှာ ဆရာ၊ ဆရာမတွေရဲ့ လုံခြုံရေး ရှိတယ်။ ပြီးရင် ကျောင်းကိုလိုက်ပို့ကြမယ့် ကျောင်းသားမိဘတွေရဲ့ လုံခြုံရေးရှိပါတယ်။ ဒီဟာ နဲ့ပတ်သက်ပြီး ကျွန်တော်တို့ စီမံဆောင်ရွက်ပြီးဖြစ်ပါတယ်။ ဒီစီမံဆောင်ရွက်တဲ့ အသေးစိတ်ကိုတော့ ကျွန်တော် မပြောပါဘူး။ သို့သော် သိနိုင်မယ့် အခြေအနေတစ်ရပ်အထိ ကျွန်တော် ပြောပါမယ်။ နံပါတ်တစ်ကတော့ ကျောင်းတွင်း လုံခြုံရေး၊ ကျောင်းတွင်းလုံခြုံရေးနဲ့ပတ်သက်ပြီး ကျွန်တော်တို့ စီမံဆောင်ရွက်ထားလျက်ရှိပါတယ်။ ပြီးရင်တော့ ကျောင်းပတ်ဝန်းကျင်လုံခြုံရေး ကျွန်တော်တို့ စီမံဆောင်ရွက်ထားပါတယ်။ နံပါတ်သုံးအချက်ကတော့ ကျောင်းကိုလာတဲ့လမ်းပေါ့၊ ကျောင်းကိုလာတဲ့ လမ်းတွေမှာ အချက်အခြာကျတဲ့နေရာတွေမှာ လုံခြုံရေး ကျွန်တော်တို့ စီစဉ်ဆောင်ရွက်ထားပါတယ်။ သုံးခုပါ၊ ကျောင်းတွင်း၊ ကျောင်းပတ်ဝန်းကျင်၊ ကျောင်းကိုလာတဲ့လမ်းတွေ ကျောင်းပတ်ဝန်းကျင်မှာ ရှိတဲ့ လမ်းတွေ၊ အချက်အခြာနေရာတွေကို လုံခြုံရေး ကျွန်တော်တို့ စီမံဆောင်ရွက်ထားပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ကျောင်းပတ်ဝန်းကျင် လုံခြုံရေး၊ ကျောင်းတွင်းလုံခြုံရေးနှင့် ကျောင်းကိုလာရောက်သည့် လမ်းများ၏လုံခြုံရေးကို စီမံဆောင်ရွက်ရာတွင် ပင်မအဖွဲ့ဖြစ်သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် လုံခြုံရေးအဖွဲ့အပြင် ကျောင်းသားကျောင်းသူများ၏ လုံခြုံရေး၊ ကျောင်းလုံခြုံရေးနှင့် မိဘပြည်သူများ၏ လုံခြုံရေးကို စိတ်ပါဝင်စား၍ ပူးပေါင်းဆောင်ရွက်ကြမည့် ရပ်ရွာအခြေပြု ပြည်သူလူထုလုံခြုံရေးအဖွဲ့အစည်းများကိုလည်း ဆက်သွယ်ဆောင်ရွက်မည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “ကျွန်တော်အနေနဲ့ ပြောလိုတာကတော့ ကျောင်းများနဲ့ ပတ်သက်ပြီး အထူးအလေးထားပါတယ်။ ကျောင်းသားများရဲ့ လုံခြုံရေး၊ ကျောင်းဆရာ ဆရာမများ လုံခြုံရေး၊ ကျောင်းလုံခြုံရေးကို ကျွန်တော်တို့ အထူးအလေးထား ဆောင်ရွက်လျက်ရှိပါတယ်။ ဒီလိုဆောင်ရွက်တဲ့နေရာမှာ ကျွန်တော်တို့အနေနဲ့အားလုံးနဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အဲ့လို ပူးပေါင်းဆောင်ရွက်တဲ့အခါမှာလည်း မိဘပြည်သူများအနေနဲ့ ပြည်သူလူထုအနေနဲ့ရော အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်ကြပြီးတော့ ကလေးတွေရဲ့ အနာဂတ်၊ တိုင်းပြည်ရဲ့ အနာဂတ်အတွက် ပူးပေါင်းဆောင်ရွက်သွားကြပါလို့ ပြောလိုပါတယ်။ ကျွန်တော်ထပ်ပြီး အာမခံတာတစ်ခုကတော့ ကျွန်တော်တို့အနေနဲ့ စနစ်တကျ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ပြောလိုပါတယ်။ အသေးစိတ်မပြောရတဲ့ အကြောင်းကတော့ လုံခြုံရေးနဲ့ပတ်သက်တဲ့ ကိစ္စတွေမလို့ အသေးစိတ်မပြောခြင်း ဖြစ်ပါတယ်” ဟု ပြောကြားသည်။ 

ကျောင်းသားကျောင်းသူများ၏ လုံခြုံရေးအတွက် အဖွဲ့အစည်းများအနေဖြင့် မည်သို့ဆက်သွယ် ချိတ်ဆက်ရမည်နည်းဆိုသည့် မေးမြန်းမှုကို ဗိုလ်ချုပ်ဇော်မင်းထွန်းက “ အဓိကကတော့ ကျွန်တော်တို့ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ဆက်သွယ်ပါ။ ပြည်ထဲရေးဝန်ကြီးဌာနက ဒါကို တာဝန်ခံဝန်ကြီးဌာနအနေနဲ့ ဆောင်ရွက်လျက်ရှိပါတယ်။ မြို့နယ်အလိုက် ဆက်သွယ်ချင်တယ်။ တိုင်းအလိုက် ဆက်သွယ်ချင်တယ်ဆိုရင် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ၊ တိုင်းစီမံအုပ်ချုပ်ရေးကောင်စီ၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတွေနဲ့ ဆက်သွယ်လို့ရပါတယ်။ ဒီလိုဆက်သွယ်ဆောင်ရွက်လာမှုများကိုလည်း ပြည်သူလူထုရဲ့ ကာကွယ်ရေး၊ လုံခြုံရေး၊ မိမိနိုင်ငံရဲ့ ပညာရေးစနစ်ကာကွယ်ရေးလုံခြုံရေးကို ဆောင်ရွက်ပေးတဲ့သူတွေဖြစ်တဲ့အ တွက် ကျွန်တော်တို့လည်း အထူးဝမ်းမြောက်ဝမ်းသာကြိုဆိုပါတယ်။ ကျေးဇူးတင်တယ်” ဟု ပြောကြားသည်။

Most Read

Most Recent