ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရန် ညှိနှိုင်းဆွေးနွေးအဖြေရှာသည့်နည်းလမ်းသည်သာ နိုင်ငံသားများအတွက် ကောင်းကျိုးဖြစ်စေပြီး ငြိမ်းချမ်းသာယာသော ပြည်ထောင်စုဖြစ်တည်စေမည်ဟု KNU ဒူးပလာယာခရိုင်ဥက္ကဋ္ဌ သဘောထားထုတ်ပြန်

ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရန် ညှိနှိုင်းဆွေးနွေးအဖြေရှာသည့်နည်းလမ်းသည်သာ နိုင်ငံသားများအတွက် ကောင်းကျိုးဖြစ်စေပြီး ငြိမ်းချမ်းသာယာသော ပြည်ထောင်စုဖြစ်တည်စေမည်ဟု KNU ဒူးပလာယာခရိုင်ဥက္ကဋ္ဌ သဘောထားထုတ်ပြန်
Published 13 May 2021

နိုင်ငံတကာရှေ့မှောက်တွင် ကတိကဝတ်ပြုထားကြသည့်အတိုင်း အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန် ညှိနှိုင်းဆွေးနွေးအဖြေရှာသည့် နည်းလမ်းသည်သာ နိုင်ငံသားများအတွက် ကောင်းကျိုးဖြစ်စေပြီး ငြိမ်းချမ်းသာယာသော ပြည်ထောင်စုဖြစ်တည်စေမည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ဒူးပလာယာခရိုင်ဥက္ကဋ္ဌက မေ ၁၃ ရက်တွင် သဘောထားထုတ်ပြန်သည်။

လက်ရှိ NCA စာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည် နိုင်ငံတကာအသိသက်သေများ၏ရှေ့တွင် အစိုးရ၊ တပ်မတော်တို့နှင့်အတူ NCA စာချုပ် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

KNU ဒူးပလာယာခရိုင်ဥက္ကဋ္ဌ ပဒိုစော ရွှေမောင်းက လက်မှတ်ရေးထိုး၍ သဘောထား ထုတ်ပြန်ချက် (၁) နှင့် (၂) ဟူ၍ နှစ်စောင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက မေ ၁၀ ရက်တွင် ပြည်ထောင်စုငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ၎င်း၏ သဘောထား ထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့ပြီး အဆိုပါရပ်တည်ချက်သဘောထားသည် ကရင်အမျိုးသားထုနှင့် ပြည်ထောင်စုသားအားလုံးတို့၏ ကောင်းကျိုးကို ဖြစ်ထွန်းစေမည်ဖြစ်ကြောင်း KNU ဒူးပလာယာခရိုင်ဥက္ကဋ္ဌ၏ သဘောထားထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် ငြိမ်းချမ်းသာယာသောဘဝ ပိုင်ဆိုင်လာနိုင်စေရန် သက်ဆိုင်သူများ တွေ့ဆုံ ညှိနှိုင်းဆွေးနွေး အဖြေရှာကြရန် KNU ဒူးပလာယာခရိုင်ဥက္ကဋ္ဌက ထုတ်ပြန်ချက်တွင် မေတ္တာရပ်ခံထားသည်။

KNU သည် ဗြိတိသျှအစိုးရ၏ အုပ်ချုပ်မှုအောက်မှစတင်ကာ ဥပဒေနှင့်အညီ အမျိုးသားရေးကို ဆောင်ရွက်လာခဲ့သည့်အဖွဲ့အစည်းဖြစ်ကြောင်း၊ အကြောင်းကြောင်းကြောင့် ဦးနုအစိုးရလက်ထက်တွင် မတရားအသင်းအဖြစ် ကြေညာသတ်မှတ်ခြင်းခံခဲ့ရပြီး ဦးသိန်းစိန်အစိုးရလက်ထက်တွင် NCA လက်မှတ် ရေးထိုးနိုင်ခဲ့ခြင်းကြောင့် မတရားအသင်းမှ ပယ်ဖျက်ခဲ့ကာ တရားဝင်အဖွဲ့အစည်းတစ်ရပ်အဖြစ် တည်ရှိနေပြီဖြစ်ကြောင်းလည်း KNU ဒူးပလာယာခရိုင်ဥက္ကဋ္ဌ၏ သဘောထားထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အတူ KNU သည် နိုင်ငံတကာ၏ မျက်နှာစာတွင်လည်း တင့်တယ်စွာအသိအမှတ်ပြုခြင်းခံနေရသည့် အဖွဲ့အစည်းတစ်ခုအဖြစ် တည်ရှိနေပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံ နိုင်ငံရေးအခင်းအကျင်း၌ အသုံးချခံအဖွဲ့ တစ်ရပ်အနေဖြင့် မရပ်တည်သင့်ကြောင်းနှင့် ကိုယ်ပိုင်ရပ်တည်ချက်၊ ကိုယ့်လမ်းစဉ်၊ ကိုယ့်မူဝါဒအတိုင်း မားမားမတ်မတ်ရပ်တည်ရမည် ဖြစ်ကြောင်း KNU ဒူးပလာယာခရိုင်ဥက္ကဋ္ဌ၏ သဘောထားထုတ်ပြန်ချက်တွင် ပါရှိသည်။

မူဝါဒလမ်းစဉ် မှန်ကန်နေခြင်းကြောင့် KNU သည် ယနေ့ထိတိုင် ရပ်တည်နေနိုင်ခဲ့ခြင်းဖြစ်ပြီး လုပ်ငန်းစဉ်အတိုင်း မှန်ကန်စွာ ဆောင်ရွက်ပါက တစ်မျိုးသားလုံး၏ မျှော်မှန်းချက် ပြည့်ဝစေနိုင်မည်ဖြစ်ကြောင်း၊ လွဲမှားမည်ဆိုပါက ပြန်လည်ရယူထားနိုင်ပြီဖြစ်သည့် အခွင့်အလမ်း၊ ဂုဏ်သိက္ခာတို့သည်လည်း ကွယ်ပျောက်သွားကာ မတရားသောအသင်းအဖွဲ့အဖြစ် သတ်မှတ်ခြင်းခံရနိုင်သည့် အခြေအနေသို့ တစ်ဖန်ပြန်လည်ရောက်ရှိသွားနိုင်မည်ဖြစ်ကြောင်း KNU ဒူးပလာယာခရိုင် ဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

Most Read

Most Recent