မူးယစ် ဝဲဂယက်အတွင်းမှ ကင်ညာနိုင်ငံ

မူးယစ် ဝဲဂယက်အတွင်းမှ ကင်ညာနိုင်ငံ
Photo:AFP
Photo:AFP
Published 13 May 2021
ခိုင်

အက်စ်သာဝမ်ဂျီရူအမည်ရှိ အမျိုးသမီးသည် ၎င်း၏ကလေး သေဆုံးသွားခဲ့ပြီးနောက် ခံစားရသည့် သောကဝေဒနာများကို လျော့ပါးသက်သာစေရန် အသက် ၁၆ နှစ်အရွယ်ကတည်းက ဘိန်းဖြူသုံးစွဲခဲ့ကာ ပထမတွင် ဘိန်းပါသော ဆေးလိပ်သောက်သုံးခဲ့ပြီး လက်ရှိတွင်မူ မူးယစ်ဆေးကို ဆေးထိုးအပ်ဖြင့် ခန္ဓာကိုယ်အတွင်းသို့ ထိုးသွင်းသည့်အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။

“ ကျွန်မ တော်တော်လေး ဆေးစွဲနေပါ ပြီ။ တစ်နေ့ကို ဆေးနှစ်လုံးလောက် ပုံမှန်ထိုးဖို့ လိုအပ်နေတယ်” ဟု အက်ပေါက်ရာများ ဗရပျစ်ဖြစ်နေသည့် အကြောထဲသို့ ဆေးထိုးအပ်ကို ထိုးသွင်းနေသော အသက် ၂၂ နှစ် အရွယ် ဝမ်ဂျီရူက ဆိုသည်။ ကင်ညာနိုင်ငံ မြို့တော် နိုင်ရိုဘီရှိ ဘုရားကျောင်းအဆောက်အအုံနံဘေးတွင် ဝမ်ဂျီရူတစ်ယောက် မူးယစ်ဆေး သုံးစွဲနေခြင်းဖြစ်ကာ ၎င်း၏အနီးတွင် ဆေးစွဲသူ ၆၀ ခန့် ရှိနေသည်။

တစ်ချိန်က ဥရောပသို့ မူးယစ်ဆေး မှောင်ခိုတင်ပို့သူများ၏ ခရီးတစ်ထောက် နားရာနေရာဖြစ်ခဲ့သော ကင်ညာနိုင်ငံသည် လက်ရှိတွင် ဘိန်းဖြူအများအပြားတင်သွင်းရာ နေရာတစ်ခုဖြစ်လာခဲ့ပြီး နာကျင်မှုဝေဒနာကို လျော့ပါးသက်သာစေသည့် မူးယစ်ဆေးတစ်မျိုးဖြစ်သော (Opioid) မူးယစ်ဆေးသည် ကင်ညာတွင် စျေးနှုန်းသက်သာ၍ ပေါများနေသော မူးယစ်ဆေးဖြစ်နေသည်။

မူးယစ်ဆေးပြား တစ်ပြားလျှင် ၁.၁ ဒေါ်လာထက်နည်းသော စျေးနှုန်းပမာဏဖြင့် ပေါက်စျေးရှိနေသည့် ကင်ညာနိုင်ငံ၌ မူးယစ်ဆေးသုံးစွဲမှုသည် ဝမ်ဂျီရူကဲ့သို့ ဆင်းရဲသော၊ ဒုက္ခသုက္ခကြုံတွေ့နေရသော ကင်ညာနိုင်ငံသားများအတွက် ပျက်စီးကိန်းဆိုက်စေမည့် မျှော်လင့်ချက်ကို ဖန်တီးနေခြင်းဖြစ်သည်။

မူးယစ်ဆေးတစ်ကြိမ် သုံးစွဲရရန်အတွက် မည်သည့်ကိစ္စမဆို လုပ်ဆောင်ရန် ဝန်မလေးဘဲ ရာဇဝတ်မှု သို့မဟုတ် ပြည့်တန်ဆာ လုပ်ရရန်ပင် ဝန်လေးမည်မဟုတ်ကြောင်း ဝမ်ဂျီရူက ပြောကြားခဲ့သည်။

တစ်ချိန်က ဥရောပသို့ ဘိန်းဖြူမှောင်ခို တင်ပို့ရာတွင် ဘောလ်ကန်လမ်းကြောင်းမှတစ်ဆင့် တင်ပို့ခြင်းဖြစ်ပြီး အရှေ့အလယ်ပိုင်းကို ဖြတ်သန်းလျက် အာဖဂန်နစ္စတန် ကုန်းလမ်းပေါ်ရှိ ဘိန်းစိုက်ခင်းများမှ အနောက်ဘက်ရှိ မြို့တော်များဆီသို့ မှောင်ခိုတင်ပို့ခြင်းဖြစ်သည်။

သို့သော် ဆီးရီးယားပဋိပက္ခနှင့် ဥရောပသို့ ဝင်ရောက်ခိုလှုံရန် ကြိုးပမ်းနေကြသော ရွှေ့ပြောင်းအခြေချ များပြားလာသည့်အတွက် လုံခြုံရေးကို ပိုမိုတင်းကျပ်ခဲ့ခြင်းက မူးယစ်ဆေးမှောင်ခိုကူးသူများအား ၎င်းတို့၏ မှောင်ခိုလမ်းကြောင်းကို ပြောင်းလဲစေခဲ့သည်။

ထို့ကြောင့် ကုန်းလမ်းမှတစ်ဆင့် မူးယစ်ဆေးမှောင်ခိုတင်ပို့ခြင်းထက် ရေလမ်းကြောင်းကို ရွေးချယ်လာကြသည်။ မှောင်ခိုကူးသူများသည် ဘိန်းဖြူကို သင်္ဘောများပေါ်တွင် တင်ဆောင်လျက် အိန္ဒိယသမုဒ္ဒရာကို ဖြတ်သန်းခုတ်မောင်းကာ အလွယ်တကူ ဝင်ရောက်နိုင်သော အာဖရိကအရှေ့ဘက် ကမ်းရိုးတန်းသို့ ဦးတည်၍ မြောက်ဘက်လားရာအတိုင်း တဖြည်းဖြည်းချင်း ဥရောပသို့ ဆက်လက်ဦးတည်ခြင်းဖြစ်သည်။

ကင်ညာခရီးစဉ်

ကင်ညာနိုင်ငံ မွမ်ဘာဆာမြို့သည် ဘိန်းဖြူသင်္ဘောများ ဆိုက်ကပ်ရာ အဓိက ဆိပ်ကမ်းမြို့ဖြစ်သည်။ ကင်ညာနိုင်ငံသည် လုံခြုံရေးအခြေအနေ မညံ့ဖျင်းသော်လည်း အကျင့်ပျက်ခြစားမှု၊ ကြီးကြပ်ရေးတာဝန် လျော့ရဲမှုတို့ကြောင့် မှောင်ခိုကူးသူများအ တွက် ၎င်းတို့၏ မှောင်ခိုပစ္စည်းများကို စိတ်ချလက်ချ ထားနိုင်သည့် နေရာတစ်ခုသဖွယ် ဖြစ်လာခဲ့သည်။

“စိတ်ကြွမူးယစ်ဆေး မှောင်ခိုကူးသူတွေက ကင်ညာနိုင်ငံကို အဲ့ဒီ့ဒေသအတွင်း တည်ငြိမ်အေးချမ်းမှု အရှိဆုံးနိုင်ငံတွေထဲက တစ်ခုအဖြစ် သတ်မှတ်ရွေးချယ်ထားကြတာပါ” ဟု ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုနှိမ်နင်းတိုက်ဖျက်ရေးအဖွဲ့ (UNODC) ၏ဒေသဆိုင်ရာ ညွှန်ကြားရေးမှူးဟောင်း အာမန်ဒိုနဒီအန်းဒရက်ဇ်က ဆိုသည်။

ရေကြောင်းခရီးဖြင့် သယ်ဆောင်လာသော ဘိန်းဖြူများကို ကင်ညာကုန်းမြေပေါ်သို့ ယူဆောင်သည့် ပမာဏသည် နှစ်စဉ် တန်ချိန် ၄၂ တန်ရှိမည်ဟု UNODC က ခန့်မှန်းထားပြီး ထိုသို့ ကုန်ပေါ်သို့ ချသည့် ဘိန်းဖြူများသည် နောက်ပိုင်းစျေးကွက်အတွက် ကြိုတင်စုဆောင်ထားခြင်းဖြစ်သည်။

တစ်ချိန်တည်းမှာပင် ကင်ညာပြည်တွင်း၌ ထိုဘိန်းဖြူများအပေါ် စိတ်ဝင်စားမှု တဖြည်းဖြည်း ကြီးထွားလာခဲ့သည်။ ဘိန်းဝယ်သူအများစုမှာ ကင်ညာနိုင်ငံသားများ ဖြစ်နေခြင်းနှင့်အတူ ဘိန်းဖြူဝယ်လိုအားသည် ဒေါ်လာသန်း ၁၅၀ စျေးကွက်အထိ ကြီးထွားတိုးတက်လာနေပြီး မှောင်ခိုသမားများက ကင်ညာနိုင်ငံအတွင်း၌ ရောင်းချရန်အတွက် ဘိန်းဖြူ ငါးတန်ဝန်းကျင် ဖယ်ထားလေ့ရှိကြောင်း သိရသည်။

“အရင်က ကင်ညာနိုင်ငံဟာ ဘိန်းဖြူမှောင်ခိုတင်ပို့တဲ့အခါမှာ ဖြတ်သန်းသွားလာကြတဲ့ လမ်းကြောင်းတစ်ခုပါ။ အခုတော့ ဘိန်းဖြူ တင်သွင်းတဲ့နိုင်ငံဖြစ်လာနေတယ်။ အသက် ၁၄ နှစ်ကနေ ၁၈ နှစ်အကြားရှိတဲ့ ကင်ညာနိုင်ငံသား ဆယ်ကျော်သက် တစ်ရာခိုင်နှုန်းဝန်းကျင်က စွဲလမ်းမှုပြင်းထန်တဲ့ မူးယစ်ဆေးဝါးတွေ အသုံးပြုကြတယ်လို့ ဝန်ခံကြတယ်။ ဘိန်းဖြူကို မူလတန်းကျောင်းတွေမှာတောင် သုံးစွဲနေကြတယ်” ဟု အရက်နှင့် ဆေးဝါးအလွဲသုံးမှုတိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအာဏာပိုင်အဖွဲ့ (NACADA) မှ အကြီးအကဲ ဗစ်တာအိုကီယိုမာက ပြောကြားခဲ့သည်။

၂၀၁၈ ခုနှစ်တွင် ကင်ညာနိုင်ငံရှိ ကောင်တီ သုံးပုံတစ်ပုံ၌ ကောက်ယူခဲ့သော စစ်တမ်းအရ ကင်ညာနိုင်ငံသား ၂၇,၀၀၀ ခန့်သည် မူးယစ်ဆေးကို အကြောထဲသို့ ထိုးသွင်းခြင်း သို့မဟုတ် ဘိန်းပါသော ဆေးလိပ်သောက်ခြင်းများ လုပ်ဆောင်နေကြကြောင်း ကင်ညာကျန်းမာရေးဝန်ကြီးဌာနက ခန့်မှန်းထားသည်။

ဂျနီဗာအခြေစိုက် NGO အဖွဲ့အစည်းဖြစ်သည့် အသွင်းပြောင်းရာဇဝတ်မှုများ နှိမ်နင်းရေးကမ္ဘာလုံးဆိုင်ရာ အစီအစဉ်ကမူ ကင်ညာနိုင်ငံတွင် မူးယစ်ဆေးကို အကြောထဲသို့ ထိုးသွင်းသူ ၅၅,၀၀၀ ခန့် ရှိနေသည်ဟု ခန့်မှန်းထားသည်။

လူ ဦးရေ သန်း ၅၀ နေထိုင်ရာ ကင်ညာနိုင်ငံတွင် ဘိန်းဖြူသည် ဆေးခြောက်ပြီးပါက လူသုံးအများဆုံး မူးယစ်ဆေးဝါးဖြစ်နေကြောင်း NACADA က ဆိုသည်။

ကိုဗစ် ကျိန်စာ

ကင်ညာသည် ၂၀၁၈ ခုနှစ်တွင် ကမ်းရိုးတန်းစောင့်တပ်ဖွဲ့ကို စတင်ဖွဲ့စည်းခဲ့ပြီး မွမ်ဘာဆာမြို့ရှိ ဆိပ်ကမ်းများတွင် ကုန် သေတ္တာများကို စစ်ဆေးသည့် လုပ်ငန်း၌ ပါဝင်အားဖြည့်ခဲ့ကာ မကြာသေးမီကလည်း နိုင်ရိုဘီမြို့ရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် အင်တာပိုဦးဆောင်သော မူးယစ်ဆေး ၀ါးရှာဖွေရေးအစီအစဉ်တစ်ခု၌ စတင်ပူးပေါင်းခဲ့သည်။

၂၀၀၈ ခုနှစ် နှင့် ၂၀၁၈ ခုနှစ်အတွင်း အာဖရိက၌ ဘိန်းဖြူနှင့်မော်ဖင်းန် ဖမ်းဆီးရမိမှုသည် ၁၀ ဆမြင့်တက်ခဲ့ကာ အရှေ့အာဖရိကတွင် အများဆုံးဖမ်းဆီးရမိခဲ့ကြောင်း UNODC က ထုတ်ပြန်ထားသည်။

ခက်ခဲသည့်အချိန်ကာလကို ရင်ဆိုင်နေရသော ဝမ်ဂျီရူနှင့် အခြားသော ဆေးစွဲနေသူများအတွက် ဘိန်းဖြူမှာ အလုပ်ဖြစ်နေဦးမည်ဖြစ်သည်။

“အခုလက်ရှိ COVID-19 ကူးစက်ဖြစ်ပွားနေတဲ့ အခြေအနေကြောင့် မူးယစ်ဆေးသုံးစွဲသူ အရေတွက်မြင့်တက်လာနေတယ်ဆိုတာ ကျွန်တော် တပ်အပ်ပြောနိုင်တယ်။ ကိုဗစ်ကျိန်စာမိနေတဲ့ ကာလအတွင်းမှာ လူတွေ စိတ်ဓာတ်ကျတယ်။ အလုပ်အကိုင်တွေ ဆုံးရှုံးကုန်ကြတယ်။ အဲ့အဖြစ်တွေက မူးယစ်ဆေး သုံးစွဲတဲ့ လမ်းကြောင်းဆီ ဦးတည်စေတော့တာပဲ” ဟု ကင်ညာနိုင်ငံသားများအား ကာကွယ်စောင့်ရှောက်ရေး အစီအစဉ် KeNPUD မှ အလုပ်အမှုဆောင် ဒါရိုက်တာ ဂျွန်ဘီမာနီက ဆိုသည်။

ဘိန်းဖြူအစားထိုးဆေးဝါးဖြစ်သော မက်သဒုန်းကို ကင်ညာအစိုးရက ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေနေပြီး ယင်းဆေးဝါးသည် ဘိန်းဖြူစွဲသည့် ဝေဒနာလက္ခဏာများကို ဟန့်တားပေးကာ ဆေးစွဲသူများအား ဘိန်းဖြူဖြတ်နိုင်ရန် ကူညီပေးကြောင်း သိရသည်။

ကင်ညာတွင် ဘိန်းစွဲသူ ၇,၀၀၀ ခန့်ကို လက်ခံကုသပေးနေသည့် ဆေးခန်း ၁၀ ခု ခန့်သာ ရှိပြီး ဆေးစွဲသူအားလုံးကို ကူသပေးနိုင်သည့် အခြေအနေမျိုးမရှိကြောင်း UNODC က ဆိုသည်။

အိမ်ခြေမဲ့ ကင်ညာအမျိုးသားတစ်ဦး ဖြစ်သူ ဂျိမ်းစ်ကွမ်ဂါသည် မူးယစ်ဆေးစွဲနေသူတစ်ဦးဖြစ်ပြီး ၎င်းနေထိုင်ရာဒေသနှင့် အနီးဆုံးတွင်ရှိသည် ဆေးခန်းသည် နိုရိုဘီ မြို့တစ်ဘက်ခြမ်းတွင် တည်ရှိသည်။ ထိုဆေးခန်းရှိရာ နေရာသို့ သွားရောက်ရာ၌ ခရီးစရိတ် ရှီလင် ၁၅၀ (၁.၃ ဒေါ်လာ) ကုန်ကျသည်။

“နေ့တိုင်း အဲလောက်ခရီးစရိတ်သုံးပြီး ဆေးခန်းသွားဖို့ မတတ်နိုင်ဘူး။ ကျွန်တော့်မှာ အလုပ်မရှိဘူး။ ဆေးခန်းကို နီးနီးနားနား လာမဖွင့်ပေးရင် မူးယစ်ဆေးစွဲနေတဲ့လူ တော်တော်များများ ဘိန်းဖြူကို ဖြတ်နိုင်ကြမှာမဟုတ်ဘူး” ဟု ကွမ်ဂါက ပြောကြားခဲ့သည်။

Most Read

Most Recent