အာဆီယံ သဘောတူညီချက်များကို မြန်မာ့တပ်မတော်က အကောင်အထည်ဖော်စေရေးအတွက် အာဆီယံအဖွဲ့အနေဖြင့် လုပ်ဆောင်ချက်များ အရှိန်မြှင့်ရန် OHCHR တိုက်တွန်း

အာဆီယံ သဘောတူညီချက်များကို မြန်မာ့တပ်မတော်က အကောင်အထည်ဖော်စေရေးအတွက် အာဆီယံအဖွဲ့အနေဖြင့် လုပ်ဆောင်ချက်များ အရှိန်မြှင့်ရန် OHCHR တိုက်တွန်း
Published 13 May 2021
Ref: ANI

အာဆီယံ အထူးအစည်းအဝေးတွင် ရရှိခဲ့သည့် သဘောတူညီချက် ငါးချက်ကို မြန်မာတပ်မတော် တာဝန်ရှိသူများအနေဖြင့် အကောင်အထည်ဖော်စေရေးအတွက် အာဆီယံအဖွဲ့က လျင်မြန်စွာ တုံ့ပြန်ရန်နှင့် လုပ်ဆောင်ချက်များ အရှိန်မြှင့်ရန် ကုလသမဂ္ဂ လူ့အခွင့်အရေးရုံး (OHCHR) က ပြောကြားခဲ့သည်။

အကြမ်းဖက်မှုရပ်ရန် အပြည်ပြည်ဆိုင်ရာက ကြိုးပမ်း ဆောင်ရွက်နေသော်လည်း မြန်မာနိုင်ငံ၌ ဆန္ဒပြသူများအပေါ် ဖြိုခွင်းမှုများရပ်သည့် အရိပ်အယောင် မမြင်ရသေးကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးရုံး ပြောရေးဆိုခွင့်ရှိသူ ရူးပတ်ကိုလ်ဗီးက မေ ၁၁ ရက်တွင် ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံ၌ လူ့အခွင့်ချိုးဖောက်မှုများ ဆက်ရှိနေသည်ဟု ၎င်းကဆိုခဲ့ပြီး လူ့အခွင့်အရေး အခြေအနေများ ဆိုးရွားလာသည်ကို တားဆီးရန်အတွက် နိုင်ငံတကာက ယခုထက် ပိုမိုပါဝင်ပေးရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အခြေအနေများကို ကိုယ်တိုင်ကိုယ်ကျ လာရောက် ကြည့်ရှုရန်အတွက် အရှေ့တောင် အာရှနိုင်ငံများအသင်း (အာဆီယံ) မှ ထိပ်တန်း တာဝန်ရှိသူများသည် လာမည့် သီတင်းပတ်အတွင်း မြန်မာနိုင်ငံသို့ လာရောက်ရန် စီစဉ်ထားကြောင်း တောင်ကိုရီးယားသတင်းဌာန Arirang တွင် ဖော်ပြထားသည်။

အာဆီယံ အလှည့်ကျဥက္ကဋ္ဌနှင့် အတွင်းရေးမှူးချုပ်အနေဖြင့် မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားကြောင်း အာဆီယံအဖွဲ့ကြီးက ပြောကြားခဲ့သည်ဟု Arirang တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အကျပ်အတည်းကို ဖြေရှင်းနိုင်ရန် အပြုသဘောဆောင်သော စေ့စပ် ဆွေးနွေးမှုများအတွက် ကြိုးပမ်းဆောင်ရွက်ပြီး မြန်မာ့အရေး အာဆီယံ အထူးအစည်းအဝေးအတွင်း ရရှိခဲ့သော ဘုံသဘောတူညီချက် ငါးရပ်ကို ပိုမိုခိုင်မာစွာနှင့် လက်တွေ့ဖော်ဆောင်သွားရန် တောင်းဆိုမှုများ ထွက်ပေါ်နေချိန်တွင် အာဆီယံ ထိပ်တန်းတာဝန်ရှိသူများက မြန်မာနိုင်ငံသို့ သွားရောက်ရန် စီစဉ်နေခြင်း ဖြစ်သည်။

ဧပြီ ၂၄ ရက်က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ကျင်းပခဲ့သည့် မြန်မာ့အရေး အာဆီယံ အထူးအစည်းအဝေးကို အင်ဒိုနီးရှား၊ ဗီယက်နမ်၊ စင်ကာပူ၊ မလေးရှား၊ ကမ္ဘောဒီးယားနှင့် ဘရူနိုင်းနိုင်ငံတို့မှ ခေါင်းဆောင်များနှင့် လာအို၊ ထိုင်းနှင့် ဖိလစ်ပိုင်နိုင်ငံတို့ မှ နိုင်ငံခြားရေးဝန်ကြီးများ တက်ရောက်ခဲ့ကြပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္က ဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လည်း တက်ရောက်ခဲ့သည်။

အဆိုပါ အစည်းအဝေးအတွင်း မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများကို ချက်ချင်း ရပ်တန့်ရေးနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံး ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ရေး၊  မြန်မာပြည်သူများ၏ အကျိုးစီးပွားနှင့် ကိုက်ညီသော အေးချမ်းသည့် ရလဒ်အဖြေတစ်ခု ထွက်ပေါ်လာရေး၊ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးအကြား အပြုသဘောဆောင်သည့် ညှိနှိုင်းဆွေးနွေးမှု ပြုလုပ်ကြရန် အပါအဝင် ဘုံသဘောတူညီချက် ငါးချက် ရရှိခဲ့ခြင်း ဖြစ်သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်သည် အာဆီယံ၏ လက်ရှိဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့့် ဘရူနိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့် မေ ၃ ရက်က လန်ဒန်မြို့၌ တွေ့ဆုံမှုအတွင်း လွန်ခဲ့သည့် လက အာဆီယံအထူးအစည်းအဝေးတွင် သဘောတူထားသော ဘုံသဘောတူညီချက်များကို အကောင်အထည်ဖော်ရန် အာဆီယံအနေဖြင့် မြန်မာနိုင်ငံကို ဖိအားပေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။   ွ

Ref: ANI

Most Read

Most Recent