ထိုင်းဘတ်ငွေစျေး စံချိန်တင် မြင့်တက်လာခြင်းကြောင့် မြန်မာငွေ လက်ဝယ်ရှိသူများ သိန်းဆယ်ဂဏန်းအထိ အရှုံးပေါ်

ထိုင်းဘတ်ငွေစျေး စံချိန်တင် မြင့်တက်လာခြင်းကြောင့် မြန်မာငွေ လက်ဝယ်ရှိသူများ သိန်းဆယ်ဂဏန်းအထိ အရှုံးပေါ်
Published 11 May 2021
ရွှေသိန်း (မြဝတီ)

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့ ငွေကြေးစျေးကွက်တွင်  ဒေါ်လာစျေးနှင့်အပြိုင် ထိုင်းဘတ်ငွေစျေး စံချိန်တင် မြင့်တက်လာခြင်းကြောင့် မြန်မာကျပ်ငွေ လက်ဝယ်ရှိသူများမှာ တစ်ရက်အတွင်း ကျပ် ၁၀ သိန်းအထက် အရှုံးပေါ်နေကြောင်း ငွေလဲလှယ်ရေးလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။

မေ ၁၀ ရက်က ထိုင်းဘတ်ငွေ ပေါက်စျေးမှာ မြန်မာကျပ် တစ်သိန်းလျှင် ဘတ် ၂၀၂၀ နှင့် လဲခဲ့ရသော်လည်း မေ ၁၁ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် ကျပ်တစ်သိန်းလျှင် ဘတ် ၁၉၇၀ အထိ ဖြစ်သွားသည့်အတွက် နှစ်ရက်အတွင်း ဘတ် ၅၀ ကွာဟသွားသည်ဟု ဆိုသည်။

မြဝတီနယ်စပ်တွင် ကုန်ပစ္စည်းဝယ်ယူရာ၌ မြန်မာကျပ်ငွေကို ထိုင်းဘတ်သို့ ပြောင်းလဲ ဝယ်ယူရသဖြင့် မြန်မာကျပ်ငွေမှ ထိုင်းဘတ်ငွေသို့ လဲယူရာတွင် မြန်မာကျပ်ငွေ တစ်သိန်းဖိုးလဲတိုင်း ကျပ်နှစ်ထောင်ကျော် အရှုံးပေါ်သဖြင့် ငွေပမာဏ အနည်းအများပေါ်မူတည်၍ အရှုံးများသည်ဟု ဆိုသည်။

ထို့ပြင် ထိုင်းဘတ်ငွေကို မြန်မာကျပ်ငွေသို့ လဲယူရာတွင်လည်း ငွေသားယူသည့်စျေးနှင့်  မြန်မာဘဏ်အကောင့်သို့ လွှဲထည့်ယူသည့်စျေးမှာလည်း ဘတ် ၅၀ ခန့် ကွာဟမှုရှိကြောင်း သိရသည်။

“မြန်မာကျပ်ငွေ ကျပ်တစ်သိန်း ငွေသားယူဖို့ ဘတ် ၁၉၇၀ သာ ပေးရပေမဲ့ အကောင့်ထဲမှာ ယူမယ်ဆိုရင်တော့ ဘတ် ၁၉၂၀ သာ ပေးရပါတယ်။ ဒေါ်လာစျေး ရွှေစျေးနဲ့အပြိုင် ဘတ်ငွေစျေး မြင့်တက်နေပေမယ့် စျေးနှုန်းက နှစ်မျိုး ဖြစ်နေပါတယ်။ ဒါ့ပြင် မြန်မာဘဏ်အကောင့်မှ ကျပ်ငွေ၊ ငွေသား လဲလှယ်တဲ့ စျေးကွက်ကလည်း တွင်ကျယ်နေပါတယ်”ဟု မြဝတီမြို့မှ ငွေလွှဲလုပ်ကိုင်သူတစ်ဦးက ပြောကြားသည်။

အချိုရည်မျိုးစုံ အပါအဝင် ထိုင်းနိုင်ငံထုတ် စားသောက်ကုန် လေးမျိုးအား နယ်စပ်မှ တရားဝင် တင်သွင်းခွင့် ရပ်ဆိုင်းလိုက်ခြင်းနှင့်အတူ ထိုင်းဘတ်ငွေစျေး မြင့်တက်လာခြင်းကြောင့် ထိုင်းနိုင်ငံထုတ် ကုန်စည်များ စျေးတက်လျက်ရှိကြောင်း သိရသည်။

ဘဏ်များ ငွေလွှဲငွေထုတ် အဆင်မပြေခြင်းကြောင့်လည်း ငွေကြေးစျေးကွက်ကို ရိုက်ခတ်လျက်ရှိကာ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများကိုလည်း ထိခိုက်လျက် ရှိသည်ဟု နယ်စပ်ကုန်သွယ်ရေးလုပ်ငန်း ဆောင်ရွက်သည့် လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

“ကုန်ပစ္စည်း ရောင်းထားပေမယ့် ငွေလွှဲလို့မရတဲ့ အခက်အခဲနဲ့ ကြုံနေရပါတယ်”ဟု ၎င်းက ဆိုသည်။

ထိုင်းဘတ်ငွေစျေး မြင့်တက်လာခြင်း၏ အကျိုးဆက်အဖြစ် ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့် နေရပ်ရှိ မိဘများထံ ပြန်ပို့ငွေမှာ ယခင်လကထက် ပိုမိုများပြားလာသည်ဟု သိရသည်။

Most Read

Most Recent