ဒဏ်ရာပြဿနာနှင့် COVID-19 ရောဂါ Positive တွေ့ရှိမှုကြောင့် အနားယူနေရသည့် ရီးယဲလ်မက်ဒရစ်အသင်းခေါင်းဆောင် ဆာဂျီယိုရာမို့စ်သည် ဗုဒ္ဓဟူးနေ့ကစားမည့် ချယ်လ်ဆီးအသင်းနှင့်ပွဲတွင် ပြန်လည်ပါဝင်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ရာမို့စ်သည် ခြေသလုံးနှင့် ဒူးဒဏ်ရာကြောင့် မကြာခဏ အနားယူနေရပြီး ၂၀၂၁ ခုနှစ်အတွင်း ရီးယဲလ်အသင်းအတွက် လေးပွဲသာ ကစားခွင့်ရထားသည်။
၎င်းသည် မတ်လအတွင်း အတ္တလန္တာအသင်းနှင့်ကစားခဲ့သည့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲနောက်ပိုင်း ပါဝင်ကစားနိုင်ခြင်းမရှိသေးသလို ဧပြီဒုတိယပတ်တွင် COVID-19 ရောဂါ Positive တွေ့ရှိမှု ကြောင့် ဆက်လက်အနားယူခဲ့ရခြင်းဖြစ်သည်။
၎င်းအနေဖြင့် ကြံ့ခိုင်မှုပြည့်ဝလာပြီဖြစ်သောကြောင့် အသင်းနှင့်အတူ လေ့ကျင့်ခန်းပြုလုပ်နေပြီဖြစ်ပြီး ပြန်ကစားရန် အသင့်ဖြစ်နေကြောင်း နည်းပြ ဇီဒန်းက သောကြာ နေ့တွင်ပြုလုပ်သည့် ပွဲကြိုသတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။

''သူက ကျွန်တော်တို့နဲ့အတူ လေ့ကျင့်နိုင်ပါပြီ။ အဓိပ္ပာယ်ကတော့ သူကစားနိုင်တော့မယ်ဆိုတာပါပဲ။ လူစာရင်းကြေညာတဲ့အချိန်မှာ ဘာလုပ်ဖြစ်မလဲဆိုတာ ကြည့်ရပါမယ်။ ဒါပေမဲ့ ဆာဂျီယိုက ကြံ့ခိုင်မှုပြည့်ဝနေပြီး ပွဲကစားဖို့ အဆင်သင့်ဖြစ်နေပါပြီ''ဟု ဇီဒန်းက ဆိုသည်။

အဓိကနောက်ခံလူတစ်ဦးဖြစ်သည့် ဗာရန်းမှာမူ ညာကြွက်သားဒဏ်ရာကြောင့် ချယ်လ်ဆီးနှင့်ပွဲကို လွဲချော်မည်ဖြစ်သည်။
ဗာရန်းသည် အိုဆာဆူနာကို အနိုင်ရသည့်ပွဲတွင် ယင်းဒဏ်ရာရရှိခဲ့ပြီး ပထမပိုင်းအပြီးမှာပင် လူစားလဲခဲ့ရသည်။
၎င်းအနေဖြင့် ယင်းဒဏ်ရာကြောင့် ၁၀ ရက်ခန့် အနားယူရဖွယ်ရှိကြောင်း သတင်းများက ဖော်ပြခဲ့သည်။

အခြားနောက်ခံလူတစ်ဦးဖြစ်သည့် ကာဗာဟယ်လ်မှာလည်း တံကောက်ကြောဒဏ်ရာ ရရှိနေပြီး ရာသီကုန်အထိ အနားယူရဖွယ်ရှိနေသည်။















