တပ်မတော်နှင့် ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်၌ ဖြစ်ပွားနေသော တိုက်ပွဲအတွင်း ရဟတ်ယာဉ်တစ်စင်းကို မေ ၃ ရက်တွင် ပစ်ချခဲ့ကြောင်း KIO ဗဟိုပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ဆိုသည်။
အဆိုပါ ရဟတ်ယာဉ်သည် မိုးမောက်မြို့နယ် ကုန်းနှောကျေးရွာနှင့် စီဟက်ကျေးရွာအနီးတွင် မေ ၃ ရက် နံနက် ၁၀ နာရီ မိနစ် ၂၀ ခန့်တွင် ပစ်ချခံရခြင်းဖြစ်ပြီး တိုက်ပွဲများ ပြင်းထန်နေကြောင်း ဗိုလ်မှူးကြီး နော်ဘူက ပြောကြားသည်။
“တိုက်ပွဲက အဲဒီနေရာမှာ ရက်ဆက် ဖြစ်နေတယ်။ မနက်ပိုင်းကတည်းက ပစ်ခတ်မှုတွေက ပြင်းထန်နေတာ။ လေယာဉ်နဲ့လည်း လာပစ်တယ်။ ရဟတ်ယာဉ်နဲ့လည်း လာပစ်တယ်။ ရဟတ်ယာဉ်ကိုတော့ ပစ်ချလိုက်တာပေါ့။ လူတွေလည်း လက်နက်ကြီးမှန်လို့ ထိကုန်တယ် ကြားနေရတယ်” ဟု ဗိုလ်မှူးကြီး နော်ဘူက ပြောကြားသည်။
ကုန်းနှောကျေးရွာ ဘုန်းကြီးကျောင်းဝင်းအတွင်း လက်နက်ကြီးကျည် ကျရောက်သဖြင့် သံဃာတော်တစ်ပါးနှင့် ရွာသားနှစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
ကုန်းနှောကျေးရွာ မိုင်းခတ်ဘုန်းကြီးကျောင်းဝင်းအတွင်း မေ ၃ ရက် နံနက် ၉ နာရီခန့်က လက်နက်ကြီးကျည် ကျရောက်ခဲ့ပြီး စုစုပေါင်း ခုနစ်ဦး ဒဏ်ရာရရှိသဖြင့် ဗန်းမော်မြို့ တပ်မတော်ဆေးရုံသို့ ပစ်ခတ်မှုများကြားမှ ကားဖြင့် မောင်းထွက်ခဲ့ကာ ၎င်းတို့အနက် ဦးဇင်းကေသရ (ခ) ဦးပဥ္ဇင်း ကျော်မင်းမှာ ပျံလွန်တော်မူခဲ့ကာ ရွာသားနှစ်ဦးဖြစ်သည် ့အသက် ၆၀ အရွယ် ဦးလောဆန်နှင့် အသက် ၄၉ နှစ်အရွယ် ဒေါ်နန်းခမ်းလုံး တို့မှာလည်း သေဆုံးသွားကြောင်း သိရသည်။
အကူအညီပေးနေသူ ကိုကျော်သီဟက “ဆေးရုံက လူတွေအများကြီး မဝင်ခိုင်းတော့ အူထွက်နေတဲ့ ကလေးမ အခြေအနေ မသိရသေးဘူး။ သေဆုံးတဲ့ အရပ်သား နှစ်ယောက်ကိုတော့ မြေမြုပ်နေပါပြီ။ ပျံလွန်တော်မူတဲ့ ဆရာတော်ကိုတော့ မိုးမောက်မြို့ မန္တလေးကျောင်းမှာ ထားရှိပြီး သံဃာတွေက ဆက်လက်စီမံဖို့ ဆွေးနွေးနေတယ်” ဟုပြောကြားသည်။
ယခုဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော်ဘက်မှ မေ ၃ ရက် ည ၉ နာရီအထိ တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိဘဲ The Daily Eleven သတင်းစာက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းအား ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မှု မရရှိသဖြင့် ထပ်မံသိရှိရသည့် သတင်းအား ဖော်ပြပေးမည် ဖြစ်သည်။
ဧပြီ ၁၀ ရက် နောက်ပိုင်းတွင် ကချင်လက်နက်ကိုင်အဖွဲ့ (KIA) အာလောဘွမ် တပ်စခန်းနှင့် အခြားစခန်းငယ်များကို သိမ်းပိုက်ပြီးနောက် စစ်ရေးပြင်းထန်နေခြင်းဖြစ်ပြီး ဧပြီ ၂၄ ရက်မှ စတင်ကာ မတ် ၃ ရက်အထိ တိုက်လေယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ရှိနေဆဲ ဖြစ်သည်။
ဧပြီ ၁၀ ရက် နောက်ပိုင်း တပ်မတော်နှင့် KIA တို့ တိုက်ခိုက်မှုများကြောင့် သက်ကြီးရွယ်အို နှစ်ဦးနှင့် မိခင်တစ်ဦး၊ ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦး စုစုပေါင်း လေးဦး သေဆုံးထားပြီး မင်းဂျမ်း၊ မြို့သစ်၊ကုန်းနှော၊ စီဟက် စသည့်ကျေးရွာ ၁၀ ရွာကျော်မှာ ဗန်းမော်မြို့ နှင့် မိုးမောက်မြို့များသို့ လူပေါင်း တစ်သောင်းဝန်းကျင် ထွက်ပြေးနေကြရခြင်း ဖြစ်သည်။