ပူတာအိုခရိုင်တွင် ရွှေနှင့်သယံဇာတများကို စက်ယန္တရားကြီးများဖြင့် တူးဖော်နေမှု ဂွမ်ရောင်ဂွမ်စာဌာနေအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီ ကန့်ကွက်

ပူတာအိုခရိုင်တွင် ရွှေနှင့်သယံဇာတများကို စက်ယန္တရားကြီးများဖြင့် တူးဖော်နေမှု ဂွမ်ရောင်ဂွမ်စာဌာနေအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီ ကန့်ကွက်
ရွှေအပါအဝင် သယံဇာတတူးဖော်မှု အကျိုးဆက်ကြောင့်  ဧရာဝတီမြစ်ဆုံတွင် မြစ်ရေနောက်ကျိနေသည်ကို ဖေဖော်ဝါရီ ၂၃ ရက်က တွေ့ရစဉ်
ရွှေအပါအဝင် သယံဇာတတူးဖော်မှု အကျိုးဆက်ကြောင့် ဧရာဝတီမြစ်ဆုံတွင် မြစ်ရေနောက်ကျိနေသည်ကို ဖေဖော်ဝါရီ ၂၃ ရက်က တွေ့ရစဉ်
Published 3 May 2021
ထွန်းလင်းအောင်

ကချင်ပြည်နယ် ပူတာအိုခရိုင်တွင် ရွှေ နှင့် သယံဇာတများကို စက်ယန္တရားကြီးများဖြင့် တူးဖော်နေမှုအား ဂွမ်ရောင်ဂွမ်စာဌာနေ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီက ကန့်ကွက်ကြောင်း ထုတ်ပြန်ချက်ကို မေ  ၁ ရက်၌ ထုတ်ပြန်ခဲ့သည်။

မေခ၊ မေလိခမြစ်နှင့် ၎င်းတို့၏ မြစ်လက်တက်များဖြစ်သည့် ရှန်ခ၊ ထီခ၊ ဒါခ၊ တန်ခ၊ ကျိုင်ခ၊ ဖုန်အင်ခ၊ ဖုန်ကျန်ခ၊ အင်စီခ၊ မုန်ရန်ခ၊ အင်ဂျာခ၊ လုံဂါဘော်ဒေသများတွင် ရွှေနှင့် အခြားသယံဇာတများကို စက်ယန္တရားများဖြင့် တူးဖော်နေသည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် မည်သူမဆို စက်ယန္တရားများဖြင့် ရွှေနှင့် အခြားသယံဇာတများ တူးဖော်ခြင်းကို လုံးဝ မပြုလုပ်ရန်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းမှအပ အခြားနည်းဖြင့် မြေနေရာ အမြောက်အမြား မယူရန်၊ စက်ယန္တရားဖြင့် သယံဇာတ တူးဖော်မည့်သူအား နေရာပြခြင်း၊ မြေနေရာရောင်းခြင်း၊ မြေနေရာငှားခြင်း၊ ထောက်ခံအားပေးခြင်း မပြုကြရန်၊ အထက်ပါ အချက်များ ဆောင်ရွက်သူများကို အမည်ပျက်စာရင်း တင်သွင်းပြီး မှတ်တမ်းထားကာ ကချင်လူမျိုးများ အပါအဝင် နိုင်ငံတကာမှ သိရှိအောင် ထုတ်ပြန်ကြေညာမည့်အပြင် လူမှုရေးပြစ်ဒဏ် ပြုလုပ်သွားမည် ဖြစ်ကြောင်း ဂွမ်ရောင်ဂွမ်စာဌာနေ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး ကော်မတီက ထုတ်ပြန်ခဲ့သည်။

181236993_1628406214011806_6593009230685614189_n.jpg

မြစ်ကြီးနားမြို့ တစ်ဖက်ကမ်းတွင် ရွှေကျင်နေသည်ကို တွေ့ရစဉ်

ဂွမ်ရောင်ဂွမ်စာဌာနေ အမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဝင် ဦးဇော်မိုင်က “ကျွန်တော်တို့ ဒေသမှာ တရားမဝင် ရွှေတွေ တူးတာ၊ မြေတွေ ယူကြတာက ကြာပါပြီ။ အခု ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်းဆိုရင် အတော်ကို ဆိုးဆိုးရွားရွား ဖြစ်သွားတဲ့ အခြေအနေပေါ့။ ငွေရှိတဲ့သူတွေက မြေယာတွေ တိုးချဲ့ယူလာကြတယ်။ ရွှေတွေ တူးကြတယ်။ အရင်က ဒေသခံတွေ၊ ရပ်ရွာလူကြီးတွေရဲ့ စကားကို နားထောင်ကြသေးတယ်။ အခုက ဘယ်သူ့စကားမှ နားမထောင်ကြဘူး။ ထွက်တဲ့နေရာ တူးတာပဲ။ နောင်ကျရင် ဒေသခံတွေ တစ်ပိုင်တစ်နိုင် လုပ်ကိုင်စားသောက်ဖို့တောင် ကျန်တော့မှာ မဟုတ်ဘူး။ အထူးသဖြင့်တော့ မေလိခမြစ်နဲ့ မြစ်လက်တက်တွေမှာ ရွှေတွေ အကြီးအကျယ် တူးလိုက်ကြရင် သဘာဝပတ်ဝန်းကျင်တွေ ပျက်မယ်။ ဂေဟစနစ် ပျက်မယ်။ ကျွန်တော်တို့ ဘိုးဘွားတွေ ချန်ထားခဲ့တဲ့ အလှတရားတွေ ပျက်မယ်။ အခုဒေသခံတွေဆိုရင် အိမ်ခြေ ၄၀ ရှိတဲ့ရွာမှာ ၁၀ အိမ်လောက်ကို ငွေတွေနဲ့ စည်းရုံးပြီး လုပ်ကြတော့ ရပ်ရွာလူမှုဆက်ဆံရေး လုပ်ငန်းတွေမှာ သူမပါချင်၊ ကိုယ်မလုပ်ချင်တွေ ဖြစ်လာတယ်။ စိတ်ဝမ်းတွေ ကွဲလာကြ တယ်။ ဘုရားကျောင်းတွေတောင် အတူမတက်ချင်တဲ့ အခြေအနေတွေ ဖြစ်နေတယ်။ တတ်နိုင်တဲ့သူတွေ အဖက်ဖက်က ကူညီစေချင်ပါတယ်”ဟု ပြောကြားသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်း နိုင်ငံရေး မတည်ငြိမ်မှုကြောင့်  မြန်မာနိုင်ငံ မြောက်ပိုင်းဒေသရှိ သယံဇာတများ အလွယ်တကူ ခိုးထုတ်ခံနေရခြင်း ဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၂၃ ရက်က မြစ်ဆုံတွင် ဒရုန်းဖြင့် ရိုက်ကူးထားသည့်ပုံတွင် မေလိခမြစ်ရေမှာ ရွှံ့နွံဖျော်ထားသည့် အရောင်ဖြစ်နေပြီး မေခမြစ်ရေမှာလည်း ကြည်လင်သည့် အနေအထား မဟုတ်ပေ။

Most Read

Most Recent