အာဆီယံ ခေါင်းဆောင်များအကြား ရရှိခဲ့သည့် ဘုံသဘောတူညီချက်အတိုင်း မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဧပြီ ၃၀ ရက်တွင် တိုက်တွန်းခဲ့ဟု သိရသည်။
ဖေဖော်ဝါရီ ၁ ရက်တွင် တပ်မတော်က အာဏာလွှဲပြောင်းရယူခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အကျပ်အတည်းကို ဖြေရှင်းရန်အတွက် အာဆီယံ ကိုယ်စားလှယ်တစ်ဦး ခန့်အပ်ရေးဆိုသည့်အချက်ကိုလည်း အမြန်ဆုံး လက်တွေ့ဆောင်ရွက်သွားရန် လုံခြုံရေးကောင်စီ၏ကြေညာချက်တွင် တိုက်တွန်းထားကြောင်း သိရသည်။
ဧပြီ ၃၀ ရက်က တံခါးပိတ်ပြုလုပ်ခဲ့သည့် လုံခြုံရေးကောင်စီ အစည်းအဝေးအပြီး ကြေညာချက်တစ်ရပ်ကို အတည်ပြုနိုင်ခဲ့ သော်လည်း ကြေညာချက် အတည်ပြုနိုင်ရေး အတွက် တရုတ်နှင့်ရုရှားတို့၏ တောင်းဆို ချက်အရ ပြင်းထန်သည့် အသုံးအနှုန်းတချို့ကို ဖယ်ရှားခဲ့ကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။
ငြိမ်းချမ်းစွာ ဆန္ဒပြသူများအပေါ် အင်အားသုံးမှုကို ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း ထပ်လောင်းပြောကြားလိုသည်ဆိုသည့် စာသားများနှင့် အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ရန် တပ်မတော်အား ထပ်မံတိုက်တွန်းလိုသည်ဆိုသည့် စာ သားများကို တရုတ်နှင့် ရုရှား၏ တောင်းဆိုမှုအရ ဖယ်ရှားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
မြန်မာနိုင်ငံတွင် တပ်မတော်က အာဏာလွှဲပြောင်းရယူပြီးနောက်ပိုင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် မြန်မာ့အရေးနှင့်ပတ် သက်ပြီး ယခုတစ်ကြိမ်အပါအဝင် ကြေညာချက်လေးခုကို ထုတ်ပြန်ခဲ့သည်ဟု သိရသည်။
ဧပြီ ၃၀ ရက် လုံခြုံရေးကောင်စီ အစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံတွင် မကြာသေးခင်က ပြုလုပ်ခဲ့သော မြန်မာ့အရေး အာဆီယံ အထူးအစည်းအဝေးနှင့်ပတ်သက်ပြီး သဘောထား သုံးသပ်ချက်များကို တင်ပြရန် လုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဋ္ဌ ဗီယက်နမ်နိုင်ငံက အစည်းအဝေးခေါ်ယူခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ခရစ္စတင်းရှရာနာဘာဂနာအနေဖြင့် မြန်မာနိုင်ငံကို တတ်နိုင်သမျှ အ မြန်ဆုံး သွားရောက်ခွင့်ရရေးကိုလည်း ကြေညာချက်တွင် တောင်းဆိုထားကြောင်း သိရသည်။
အဆိုပါအစည်းအဝေးကို လတ်တလော ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ရောက်ရှိနေသည့် ကုလအထူးကိုယ်စားလှယ် ဘာဂနာလည်း တက်ရောက်ခဲ့ကာ ပြီးခဲ့သည့် သီတင်းပတ်ကုန်ကပြုလုပ်သည့် မြန်မာ့အရေး အာဆီယံ အထူးအစည်းအဝေးပြင်ပတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် သီးခြားတွေ့ဆုံခဲ့မှုနှင့်ပတ်သက်ပြီး လုံခြုံရေးကောင်စီကို အစီရင်ခံစာ တင်သွင်းခဲ့သည်ဟု သိရသည်။
မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလကစပြီး ပြည်တွင်း နေရပ်စွန့်ခွာသူ နှစ်သောင်းဝန်းကျင်နှင့် အိမ်နီးချင်းနိုင်ငံများကို တိမ်းရှောင် ထွက်ပြေးသူ တစ်သောင်းနီးပါးရှိနေကြောင်း နှင့် ဒေသတွင်းအပေါ် ဂယက်ရိုက်မှုကို အရေးတကြီး တုံ့ပြန်ဖြေရှင်းရန် လိုအပ်နေ ကြောင်း ဘာဂနာက လုံခြုံရေးကောင်စီကို ပြောကြားခဲ့သည်ဟု AFP သတင်းတွင် ဖော်ပြထားသည်။Ref: AFP