အချိုရည်အပါအဝင် စားသောက်ကုန်များကို နယ်စပ်လမ်းကြောင်းများမှ တင်သွင်းခွင့်ပြုပါက တရားမဝင်တင်သွင်းမှုနှင့် ရောနှောနေပြီး တင်သွင်းခြင်းကို စစ်ဆေးရေးဂိတ်များတွင် မှန်ကန်မှုရှိ မရှိ စစ်ဆေးရာတွင် အခက်အခဲများရှိနေသည့်အတွက် ပင်လယ်ရေကြောင်းကသာ တင်သွင်းခွင့်ပြုခြင်း ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမင်းမင်းက နိုင်ငံပိုင်သတင်းစာများ၏ တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားထားသည်။
အစားအသောက် ဘေးကင်းလုံခြုံမှုရှိစေရေးနှင့် စနစ်တကျစစ်ဆေးနိုင်ရေး၊ ပြည်တွင်း SMEs လုပ်ငန်းများက ထုတ်လုပ်သည့် ကုန်ပစ္စည်းများအပေါ် စျေးကွက်ယှဉ်ပြိုင်မှု အကာအကွယ်ပေးနိုင်ရေး တင်ပြချက်များအရ ၂၀၂၁ ခုနှစ် မေ ၁ ရက်မှစပြီး နယ်စပ်ဒေသများမှ ယာယီတင်သွင်းခွင့်မပြုဘဲ ပင်လယ်ရေကြောင်းကသာ တင်သွင်းခွင့်ပြုမည်ဖြစ်သည်။
“နယ်စပ်ကုန်သွယ်မှုမှာ တရားဝင်ကုန်သွယ်မှုလမ်းကြောင်းက ဝင်ရောက်လာတဲ့ စားသောက်ကုန်တွေကို အတိုင်းအတာတစ်ခုအထိ စစ်ဆေးဆောင်ရွက်နေသည့်တိုင် နိုင်ငံအတွင်း တရားမဝင်မှောင်ခို လမ်းကြောင်းတွေက ဝင်ရောက်လာတဲ့ စားသောက်ကုန်တွေကို စစ်ဆေးကြပ်မတ်နိုင်ဖို့ အကန့်အသတ်တွေ များစွာရှိနေပြီး တရားမဝင် နယ်စပ်လမ်းကြောင်းတွေကနေ အချိုရည်အပါအဝင် စားသောက်ကုန်တွေ နည်းမျိုးစုံနဲ့ ပြည်တွင်းကို ဝင်ရောက်မှုတွေရှိနေပါတယ်။ နယ်စပ်လမ်းကြောင်းတွေကနေ တင်သွင်းခွင့်ပြုရင် တရားမဝင်သွင်းမှုနဲ့ ရောနှောနေပြီး တင်သွင်းခြင်းကို စစ်ဆေးရေး ဂိတ်တွေမှာ မှန်ကန်မှုရှိ မရှိ စစ်ဆေးရာမှာ အခက်အခဲများရှိနေတဲ့အတွက်ကြောင့် ပင်လယ်ရေကြောင်းကသာ တင်သွင်းခွင့်ပြုပေးခြင်းဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။
၂၀၂၁ ခုနှစ် မေ ၁ ရက်မှစ၍ အချိုရည်မျိုးစုံ၊ ကော်ဖီမစ်နှင့်တီးမစ်မျိုးစုံ၊ Instant Coffee၊ နို့ဆီ၊ နို့စိမ်းတို့ကို မြဝတီနယ်စပ်မှ ယာယီတင်သွင်းခွင့်မပြုကြောင်းနှင့် ပင်လယ်ရေကြောင်းမှသာ တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။
တာချီလိတ်၊ မြိတ်၊ ကော့သောင်း၊ မောတောင်၊ ထီးခီး၊ မယ်စဲ့ကုန်သွယ်ရေးစခန်းများတွင် အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်များကို အွန်လိုင်းမှ ထုတ်ပေးခြင်းအား အကောင်အထည်ဖော်လျက်ရှိကြောင်း ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလက ထုတ်ပြန်ထားသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအောက်ရှိ ကုန်သွယ်ရေးဦးစီးဌာနသည် လက်ရှိခွင့်ပြုထုတ်ပေးလျက်ရှိသည့် အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်များ (Certificate of Origin-Co Form) များအား Manual System မှ Online Co Appilication System သို့ ကူးပြောင်း၍ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်မှစတင်ကာ စမ်းသပ်ဆောင်ရွက်ခဲ့ပြီး ၂၀၁၉ ခုနှစ် ဧပြီ ၁ ရက်မှ စတင်ကာ အပြည့်အဝဆောင်ရွက်ခဲ့ပြီး ၂၀၁၉ ခုနှစ် ဇူလိုင် ၁ ရက်တွင် မူဆယ်၊ မြဝတီကုန်သွယ်ရေးစခန်းများတွင်လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁ ရက်တွင် တာချီလိတ်၊ မြိတ်၊ ကော့သောင်း၊ မောတောင်၊ ထီးခီး၊ မယ်စဲ့ကုန်သွယ်ရေးစခန်းများတွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။















