မန္တလေးမြို့ရှိ ပြည်ခိုင်ဖြိုးတိုင်းရုံးနှင့် စည်ပင်ဝန်ထမ်းအိမ်ရာတို့တွင် လက်လုပ်ဗုံးပေါက်ကွဲမှု ဖြစ်ပွား

မန္တလေးမြို့ရှိ ပြည်ခိုင်ဖြိုးတိုင်းရုံးနှင့် စည်ပင်ဝန်ထမ်းအိမ်ရာတို့တွင် လက်လုပ်ဗုံးပေါက်ကွဲမှု ဖြစ်ပွား
စည်ပင်သာယာ ဝန်ထမ်းအိမ်ရာအတွင်း ဧပြီ ၂၉ ရက်က လက်လုပ်ဗုံး ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် တွေ့ရစဉ်
စည်ပင်သာယာ ဝန်ထမ်းအိမ်ရာအတွင်း ဧပြီ ၂၉ ရက်က လက်လုပ်ဗုံး ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် တွေ့ရစဉ်
Published 30 April 2021

မန္တလေးမြို့ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး (တိုင်းဒေသကြီးရုံး) နှင့် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ ဝန်ထမ်းအိမ်ရာတို့တွင် ဧပြီ ၂၈ ရက်နှင့် ၂၉ ရက်တို့က ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။

ဧပြီ ၂၈ ရက်ညပိုင်းက မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၇၃ လမ်း ၂၇ လမ်းနှင့် ၂၈ လမ်းကြားရှိ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံးဝင်းအတွင်း လက်လုပ်ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူထိခိုက်မှု မရှိခဲ့ကြောင်း စုံစမ်းသိရသည်။

အဆိုပါ ပြည်ခိုင်ဖြိုးရုံး ပေါက်ကွဲမှုတွင် CCTV မှတ်တမ်းအရ လူသုံးဦး ဆိုင်ကယ် တစ်စီးဖြင့် လာရောက်၍ ပစ်ပေါက်သွားခဲ့ခြင်း ဖြစ်ကြောင်းလည်း စုံစမ်းသိရသည်။

“အသံဗုံးပေါက်တာပေါ့။ ဘာမှတော့ လူထိခိုက်ဒဏ်ရာရတာ ပျက်စီးတာ မရှိပါဘူး။ လမ်းပေါ်ကနေပြီး လူသုံးယောက် ဆိုင်ကယ်တစ်စီးနဲ့လာပြီး ပစ်သွားတာပါ” ဟု မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ဆက်လက်၍ ဧပြီ ၂၉ ရက်မွန်းလွဲပိုင်းက မဟာအောင်မြေမြို့နယ် ၃၆ လမ်းနှင့် လမ်း ၇၀ အနီးရှိ စည်ပင်သာယာ ဝန်ထမ်းအိမ်ရာ ဝန်ထမ်းလိုင်းခန်း၌ လက်လုပ်ဗုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူထိခိုက်မှု မရှိခဲ့ဘဲ အနီးရှိ ပန်းအိုးအချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း အနီးရှိ မျက်မြင်သက်သေ တစ်ဦးထံမှ စုံစမ်းသိရသည်။

မန္တလေးမြို့တွင် လက်လုပ်ဗုံးပေါက်ကွဲမှုများ မကြာခဏ ဖြစ်ပေါ်လျက်ရှိပြီး ဧပြီ ၂၇ ရက်က မန္တလေးမြို့တော်ဝန်အိမ်တွင် လက်လုပ်ဗုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

Most Read

Most Recent