ကမ္ဘာ့နိုင်ငံများတွင် COVID-19 ဖြစ်ပွားမှု ရက်သတ္တ ကိုးပတ်ဆက်တိုက် မြင့်တက်လာပြီး တစ်ပတ်အတွင်း လူနာအသစ် ၅ ဒသမ ၇ သန်းကျော်အထိ စံချိန်တင် ဖြစ်ပွားခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဧပြီ ၂၇ ရက်က နောက်ဆုံး ထုတ်ပြန်ထားသော အစီရင်ခံစာအရ သိရသည်။
လက်ရှိ ကမ္ဘာတစ်ဝန်းလုံးတွင် ကိုရိုနာဗိုင်းရပ်စ် COVID-19 ကပ်ရောဂါသည် အရှိန်အဟုန်ဖြင့် ဆက်လက်ကူးစက်ပြန့်ပွား လျက်ရှိပြီး ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ရောဂါကူးစက်ဖြစ်ပွားသူဦးရေ ၅ ဒသမ ၇ သန်းကျော်ရှိခဲ့ရာ ကမ္ဘာပေါ်တွင် COVID-19 ရောဂါဖြစ်ပွားမှုအများဆုံး ရက်သတ္တပတ်အဖြစ် စံချိန်တင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အိမ်နီးချင်း အိန္ဒိယနိုင်ငံတွင် နေ့စဉ် ဆက်လက် ရောဂါဖြစ်ပွားသူ သုံးသိန်းကျော်ရှိ ခဲ့ပြီး ထိုသို့ ကူးစက်မှုများအတွင်း ကိုရိုနာဗိုင်း ရပ်စ်၏ မျိုးရိုးဗီဇပြောင်းလဲမှုများအနေဖြင့် ကူးစက်မှုနှုန်း ရာခိုင်နှုန်း ၇၀ အထိ ပိုမိုမြန်ဆန် နိုင်သည့် UK Variant (B.1.1.7) နှင့် ကူးစက်မှုနှုန်းမြန်၍ အချို့ကာကွယ်ဆေးများ၏ ထိရောက်မှုကို လျော့ကျစေနိုင်ဖွယ်ရှိသည့် South Africa Variant (B.1.3 5 1) တို့ကိုလည်း လေ့လာတွေ့ရှိရကြောင်း သိရသည်။
လက်ရှိ အိန္ဒိယနိုင်ငံတွင် တွေ့ရှိရသော ကူးစက်မှုနှုန်း ပိုမိုမြန်ဆန်နိုင်ဖွယ်ရှိသည့် ကို ရိုနာဗိုင်းရပ်စ်မျိုးကွဲသစ်ကို နိုင်ငံ ၁၇ နိုင်ငံ ထက်မနည်းတွင် တွေ့ရှိရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဧပြီ ၂၇ ရက်ကထုတ် ပြန်ခဲ့သည်။
ဗိုင်းရပ်စ်မျိုးဗီဇဆိုင်ရာ အချက်အလက် ကို တစ်ကမ္ဘာလုံးက မျှဝေကြည့်ရှုနိုင်သော GISAID အဖွဲ့ထံ ဧပြီ ၂၇ ရက်အထိ နိုင်ငံပေါင်း ၁၇ နိုင်ငံထက် မနည်းက ပေးပို့လာသော ကိုရိုနာဗိုင်းရပ်စ်မျိုးဗီဇဆိုင်ရာ အချက်အလက် ၁၂၀၀ ကျော်တွင် အိန္ဒိယ၌ ပထမဆုံး တွေ့ရှိရသည့် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ် B1617 ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း၊ ဗိုင်းရပ်စ်၏ မျိုးဗီဇဆိုင်ရာ အချက်အလက်အများစုကို အိန္ဒိယ၊ ဗြိတိန်၊ အမေရိကန်နှင့် စင်ကာပူတို့က ပေးပို့ထားခြင်းဖြစ်ကြောင်း အပတ်စဉ် ထုတ်ပြန်နေကျဖြစ်သော ကူးစက်ရောဂါ ပြန့်ပွားခြင်းနှင့် ကာကွယ်ခြင်းဆိုင်ရာ နောက်ဆုံးရ သတင်းထုတ်ပြန်ချက်တွင် WHO က ပြောကြားခဲ့သည်။
ဗိုင်းရပ်စ် သန္ဓေပြောင်းလဲခြင်းများနှင့် ပင်ကိုလက္ခဏာရပ်များတွင် အခြားသော ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ်များနှင့် အနည်းငယ် ကွဲပြားခြားနားနေသော B1617 ဗိုင်း ရပ်စ်မျိုးကွဲသစ်သည် ကိုရိုနာဗိုင်းရပ်စ် မျိုးဗီဇကွဲများစွာထဲတွင် အပါအဝင်ဖြစ်ပြီး ယင်းဗိုင်းရပ်စ်မျိုးကွဲကို စိတ်ဝင်စားဖွယ်ကောင်းသော မျိုးကွဲသစ်အဖြစ် WHO က မကြာသေးမီတွင် စာရင်းသွင်းခဲ့သည်။ သို့သော် ထိုမျိုးကွဲသစ်ကို စိုးရိမ်ဖွယ်ကောင်းသော ဗိုင်းရပ်စ်မျိုးကွဲအဖြစ် ကြေညာထားခြင်း မရှိသေးပေ။
ဗိုင်းရပ်စ်မျိုးကွဲ B1617 ကို စိုးရိမ်ဖွယ်ကောင်းသော ဗိုင်းရပ်စ်မျိုးကွဲသစ်အဖြစ် ကြေညာပါက ထိုဗိုင်းရပ်စ်သည် မူလကိုရိုနာဗိုင်းရပ်စ် SARS-CoV-2 ထက် အန္တရာယ်ပိုရှိပြီး ကူးစက်မှုနှုန်း ပိုမိုမြန်ဆန်ခြင်း၊ လူသေဆုံးမှုနှုန်း ပိုများခြင်း၊ COVID-19 ကာကွယ်ဆေးကို တိမ်းရှောင်နိုင်မှုနှုန်း ပိုမိုအားကောင်းလာခြင်းကို ရည်ညွှန်းနေလိမ့်မည်ဖြစ်သည်။
ဗိုင်းရပ်စ်မျိုးဗီဇဆိုင်ရာ အချက်အလက်များအပေါ် အခြေခံ၍ GISAID ထံ WHO အဖွဲ့က တင်သွင်းထားသည့် ကနဦး ခန့်မှန်းချက်ထဲတွင် B1617 ဗိုင်းရပ်စ်မျိုးကွဲသစ်သည် အိန္ဒိယတွင် ကူးစက်ပျံ့နှံ့နေသည့် အခြားသော ဗိုင်းရပ်စ်မျိုးကွဲများထက် ကြီးထွားမှုနှုန်း ပိုမြင့်ပြီးကူးစက်မှုနှုန်း မြင့်မားနိုင်ခြေရှိကြောင်း ခန့်မှန်းထားသည်။
ထို့ပြင် အိန္ဒိယ၌ အခြားသော ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ်များ ကူးစက်ပျံ့နှံ့မှုနှုန်းမှာလည်း မြင့်တက်နေပြီး ထိုကဲ့သို့ ဗိုင်းရပ်စ်မျိုးကွဲသစ်နှင့် မျိုးကွဲဟောင်းများ၏ ကူးစက်မှု အခြေအနေတို့ကြောင့် လတ်တလောတွင် နိုင်ငံအတွင်း ကူးစက်မှု တစ်ကျော့ပြန် မြင့်တက်လာခြင်း ဖြစ်နိုင်ကြောင်း ဖော်ပြထားသည်။















