ကျောင်းဖွင့်ချိန်တွင် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ လိုအပ်သည်များ စီမံဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့ ပြောကြား

ကျောင်းဖွင့်ချိန်တွင် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ လိုအပ်သည်များ စီမံဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့ ပြောကြား
Published 30 April 2021

ကျောင်းဖွင့်ချိန်တွင် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ လိုအပ်သည်များကို စီမံဆောင်ရွက်နေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ဗိုလ်ကြီး အေးသဇင်မြင့်က ပြောကြားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲကို ဧပြီ ၂၉ ရက် မွန်းလွဲ ၂ နာရီတွင် Zoom Meeting ဖြင့် ပြုလုပ်ခဲ့ပြီး အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက် တစ်ဦးက ကျောင်းများ ဖွင့်လှစ်ချိန်တွင် လုံခြုံရေး မည်သို့ ဆောင်ရွက်ထားသည်ကို သိလိုကြောင်း မေးမြန်းမှုအား ၎င်းက ထိုသို့ ပြောကြားခြင်း ဖြစ်သည်။

“ဒါနဲ့ပတ်သက်ပြီးတော့ အားလုံးကို ကြိုတင်မျှော်တွေးပြီးတော့ စီမံဆောင်ရွက်လျက် ရှိပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ ပူးပေါင်းပြီးတော့ လိုအပ်တာတွေ စီမံဆောင်ရွက်နေပါတယ်” ဟု ဗိုလ်ကြီး အေးသဇင်မြင့်က ပြောကြားသည်။

တာဝန်ထမ်းဆောင်နေသော ဆရာ၊ ဆရာမများနှင့် ကျောင်းတက်ရမည့် ကျောင်းသား၊ ကျောင်းသူများ အားလုံး၏ လုံခြုံရေးကိုလည်း ပြည့်ဝစွာ ဆောင်ရွက်နိုင်ရန် စီစဉ်ချမှတ်ထားကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် ပညာရေးဝန်ထမ်းများသာမက နိုင်ငံ့ဝန်ထမ်း အားလုံးနှင့် ပြည်သူလူထု၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည့် Social Punishment ကဲ့သို့သော လုပ်ဆောင်မှုမျိုးကိုလည်း ထိထိရောက်ရောက် ဖော်ထုတ်၍ အရေးယူ ဆောင်ရွက်နေကြောင်းလည်း ဗိုလ်ကြီး အေးသဇင်မြင့်က ပြောကြားသည်။

CDM အခြေအနေနှင့် ပတ်သက်၍ ဧပြီမှ စတင်ကာ နိုင်ငံ့ဝန်ထမ်း အားလုံးသည် လုပ်ငန်းခွင်များသို့ ပြန်လည် ဝင်ရောက်နေသည်ကို တွေ့ရကြောင်း၊ ပြီးခဲ့သည့် ဆရာ ဆရာမများ၏ မွမ်းမံသင်တန်းကို တက်ရောက်လာသော ဆရာ၊ ဆရာမများ၏ အင်အားကို ကြည့်ပါက လုံခြုံရေးနှင့်ပတ်သက်၍ ယင်းအချက်သည် အဖြေဟုပြော၍ ရကြောင်း ဗိုလ်ကြီး အေးသဇင်မြင့်က ပြောကြားသည်။