ဓာတ်မတည့်ခြင်း

ဓာတ်မတည့်ခြင်း
Photo:drmyanmar.com
Photo:drmyanmar.com
Published 30 April 2021
ဒေါက်တာလွင်သန့်

လူတစ်ဦးနဲ့တစ်ဦး ဓာတ်မတည့်ခြင်း မတူညီနိုင်ပါ။ အမေရိကန်ပြည်ထောင်စုမှာ လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းဟာ အကြောင်းတစ်စုံတစ်ရာကြောင့် ဓာတ်မတည့်ခြင်း ခံစားရတယ်။

ဓာတ်မတည့်ခြင်းဆိုရာမှာ အရာဝတ္ထုတစ်ခုခုကို သွားရောက်ထိမိရင်၊ စားသောက်မိရင်၊ ရှူရှိုက်မိရင် အခြားလူမှာမဖြစ်ဘဲ ဓာတ်မတည့်သူမှာသာ ယားယံခြင်း၊ အဖုအပိန့်ထွက်ခြင်း၊ နှာချေခြင်း၊ ရင်ကျပ်ခြင်း၊ အော့အန်ခြင်းစတဲ့ လက္ခဏာများ ပေါ်ပေါက်လာခြင်းကို ဓာတ်မတည်ခြင်းလို့ ခေါ်တယ်။

လူတစ်ဦးနဲ့တစ်ဦး ဓာတ်မတည့်ခြင်း မတူညီနိုင်ပါ။ ဓာတ်မတည့်စေတဲ့အကြောင်းအရာနဲ့ ထိတွေ့ဆက်စပ်မိတဲ့အခါတိုင်း ဓာတ်မတည့်တဲ့လက္ခဏာများ ပေါ်ပေါက်လေ့ရှိတယ်။

လူရဲ့ခန္ဓာကိုယ်မှာ ပဋိပစ္စည်းမျိုးစုံရှိတယ်။ ယင်းတို့မှာ မိမိနဲ့သက်ဆိုင်တဲ့ ပဋိပစ္စည်းလှုံတို့ကိုသာ ခုခံတိုက်ခိုက်နိုင်စွမ်းရှိတယ်။ ခန္ဓာကိုယ်မှာလည်း ယင်းပဋိပစ္စည်းများကို လိုအပ်သလို ဖြစ်ပေါ်စေနိုင်တယ်။ ဓာတ်မတည့်စေတဲ့ပစ္စည်းဟာ ပဋိပစ္စည်းလှုံတစ်မျိုးဖြစ်တယ်။

တကယ်လို့ အကြောင်းအမျိုးမျိုးကြောင့် ယင်းပဋိလှုံပစ္စည်းဝင်ရောက်လာတဲ့အခါ ဓာတ်မတည့်စေတဲ့အကြောင်းအချက်များ ဖြစ်ပေါ်လာတဲ့အခါ ယင်းတို့နဲ့ခန္ဓာကိုယ်တွင်းရှိ သက်ဆိုင်တဲ့ပဋိပစ္စည်းများ တွေ့ဆုံတိုက်ဆိုင်ကြခြင်းက ဓာတ်မတည့်တဲ့လက္ခဏာပေါ်ပေါက်လာတယ်။ ယင်းတို့ရဲ့တိုက်ပွဲဟာ သွေးလန့်တစ်ရှူးများဖြစ်တဲ့ သွေးကြောများနဲ့ အသက်ရှူလမ်းကြောင်း၊ အစာလမ်း ကြောင်း၊ အဆုတ်စတာတွေမှာ အမြှေးပါးများပါ ထိခိုက်စေတယ်။

ဓာတ်မတည့်ခြင်းဖြစ်စဉ်အမျိုးမျိုးမှာ ဟစ်တမင်းခေါ် ဓာတ်တမျိုးထွက်လာတယ်။ ယင်းအရေပြားယားယံစေပြီး သွေးကြောငယ်များ ကျယ်လာစေတယ်။ အရေပြားမှာနီပြီး အဖုအပိတ်ပေါ်ထွက်လာတယ်။ သွေးကြောငယ်များကျယ်ပြန့်လာဖို့ သွေးဖိအားလည်းကျလာလို့၊ ဓာတ်မတည့်ခြင်း၊ တစ်ခါတစ်ရံ သွေးလန့်မေ့မြောခြင်းဖြစ်လာတယ်။ ပင်နယ်ဆလင်မတည့်ခြင်းမှာ သည်လိုအဖြစ်အပျက်မျိုးဖြစ်ပြီး ဆေးအမီမထိုးနိုင်ရင် သေဆုံးတတ်တယ်။

ဂဏန်း၊ ပုစွန်၊ ဘဲဥ၊ ကြက်ဥ၊ ငါး၊ ဝက်သား၊ ပုရစ်၊ မှို၊ မျှစ်၊ ခရမ်းသီး၊ ဆေးသကြား စတဲ့အစားအစာများ စားမိရင် မိတ်ကပ်၊ ပေါင်ဒါ၊ နှုတ်ခမ်းနီ၊ ရေမွှေး၊ ဆံပင်ဆိုးဆေးစတဲ့အသုံးအဆောင်များ အသုံးပြုမိရင် ပန်းရနံ့အမျိုးမျိုး၊ ညှော်နံ့၊ စက်ဆီနံ့၊ ရေမွှေး၊ ဓာတ်ငွေ့အမျိုးမျိုး၊ အနံ့ဆိုးအမျိုးမျိုး၊ နွားချေး၊ ကြက်ချေး၊ ကြမ်းပိုးနံ့၊ ဖုန်မှုန့်၊ ပေါင်ဒါမှုန့် စတာ ရှူရှိုက်မိရင် ဓာတ်မတည့်ခြင်းဖြစ်ပေါ်လာတယ်။

အချို့ကလည်း အပူအအေး ရာသီဥတုကိုလိုက်ပြီး ဓာတ်မတည့်ခြင်းဖြစ်တယ်။ အိမ်မွေးတိရစ္ဆာန်အချို့နဲ့ နီးနီးကပ်ကပ်နေတဲ့အခါမျိုးမှာ ဓာတ်မတည့်ခြင်း ဖြစ်လေ့ရှိတယ်။ အချို့ဆေးဝါး၊ ပင်နဆလင်၊ ဆာဖာဆေးများ၊ ကန့်ဓာတ်ပါတဲ့ဆေး၊ ဆေးပလက်ဆေး၊ အင်ဖရွန်ဆေးတို့ ဓာတ်မတည့်ခြင်းဖြစ်လို့ ထိုးဆေး၊ သောက်ဆေးအနေနဲ့ ဓာတ်မတည့်ခြင်း ဖြစ်စေတယ်။

စိတ်အနှောင့်အယှက်အမျိုးမျိုး စိတ်ညစ်ညူးမှုများ ပူပင်သောကနဲ့ ထူးထူးခြားခြားကြုံတွေ့ရရင် လူအချို့ ဓာတ်မတည့်ခြင်း ဖြစ်တတ်တယ်။

အဖြစ်များတဲ့ ပန်းနာရင်ကျပ်ရောဂါဟာ မျိုးရိုးလိုက်တတ်ပါတယ်။ ပန်းနာရင်ကျပ်ထတဲ့အချိန် ချောင်းတဟွတ်ဟွတ်ဆိုးခြင်း၊ အသက်ရှူမဝဖြစ်ခြင်း၊ ရင်တွင်းဆို့ကျပ်ပြီး မောပန်းနေလို့ ဒုက္ခရောက်ရလေ့ရှိတယ်။ ကလေးနဲ့ သက်ကြီးရွယ်အိုတွေ အဖြစ်များတယ်။ ကလေးအရွယ်ကစပြီး ဖြစ်တတ်တယ်။

အစားအစာ၊ အနံ့၊ စိတ်၊ ရာသီဥတု ပြောင်းလဲရင်လည်း ပန်းနာရင်ကျပ်ဆိုးလေ့ ရှိတယ်။ ယင်းရောဂါဟာ မျိုးရိုးလိုက်လေ့ရှိ ပြီး ကုသလိုက ပျောက်ကင်းဖို့ ခဲယဉ်းတယ်။ ယင်းနဲ့အတူ နှင်းခူ၊ အအေးမိနှာစေခြင်းတို့ တွဲပြီး ဖြစ်တတ်ပါတယ်။

ဓာတ်မတည့်ခြင်းမှာ ကုသဖို့လွယ်ကူပေမယ့် ကာကွယ်ဖို့ ခက်ခဲပါတယ်။ ဓာတ်မတည့်ခြင်းဖြစ်တဲ့အခါ ဟစ်တမင်းဓာတ်ကို ဆန့်ကျင်တိုက်ဖျက်တဲ့ဆေးများ၊ အင်တီဟစ်တမင်း၊ ပိုင်ရီတွင်းဆေးများနဲ့ ကုသပေးရင် အမြန်သက်သာလာနိုင်တယ်။

ဓာတ်မတည့်ခြင်းမဖြစ်ဖို့ ဓာတ်မတည့်စေတဲ့အကြောင်းအရာများနဲ့ မိမိခန္ဓာကိုယ် ဘယ်လိုမထိတွေ့စေဖို့ ရှောင်ရှားဖို့လိုပါတယ်။ တစ်ကြိမ် ဓာတ်မတည့်ခြင်းဖြစ်ရင် နောက်တစ်ကြိမ် မပတ်သက်ဖို့ ဆင်ခြင်နေထိုင်သင့်ပါတယ်။ အရဲစွန့်ပြီး စားသုံးမှုမလုပ်သင့်ပါဘူး။ ဓာတ်မတည့်တဲ့အရာကို  ကြိုတင်ပြီးသိရှိနည်းအချို့ - ဥပမာ အရေပြားမှာ ထိုးစမ်းကြည့်နိုင်တယ်။

ခန္ဓာကိုယ်ဓာတ်မတည့်စေတဲ့ပစ္စည်းကိုထိကြည့်ရင် ယင်းနေရာတစ်ဝိုက် နီရဲဖောင်းကြွယားယံကာ ယင်းပစ္စည်းများနဲ့ ဓာတ်မတည့်လို့ ယေဘုယျယူဆနိုင်ပါတယ်။ ခန္ဓာကိုယ်တွင်း အနည်းငယ်စီ ဝင်ရောက်ထိတွေ့စေခြင်းက ယဉ်ပါးလာပြီး ဓာတ်မတည့်ခြင်း မဖြစ်နိုင်တာမျိုးလည်း ရှိပါတယ်။ ဓာတ်မတည့်တဲ့အကြောင်းအရာတွေက များပြားသလို ယင်းနည်းလမ်းတွေအသုံးပြုရင် ခက်ခဲမှုရှိပြီး စရိတ်စကလည်း အကုန်အကျများ လာနိုင်ပါတယ်။

အင်ပျဉ်ထခြင်း - အချို့မှာ ဓာတ်မတည့်ခြင်းတုံ့ပြန်မှုဟာ မိနစ်ပိုင်းအတွင်း ထိတွေ့ရုံနဲ့ ဖြစ်ပေါ်နိုင်ပါတယ်။ ဓာတ်မတည့်တုံ့ပြန်မှုဟာ မိနစ်ပိုင်းအတွင်း ထိတွေ့ရုံနဲ့ ဖြစ်ပေါ်နိုင်ပါတယ်။ အရေပြားက ယားယံပြီး အရှိုးရာထင်အောင် ယောင်ယမ်းလာတတ်တယ်။ အလယ်မှာ အရောင်ဖျော့ပြီး ဘေးဘက်နီမြန်းလာကာ အင်ပျဉ်ထတယ်။ အဖုအပိန့်အကွက်တွေ တွေ့လိုက်လျော့လိုက်များလိုက်ဖြစ်ပြီး မိနစ်ပိုင်းမှ ရက်အနည်းငယ်ထိ ကြာနိုင်ပါတယ်။ အင်ပျဉ်ထခြင်းကို နှုတ်ခမ်းမှ မျက်လုံးတွေ ရောင်ရမ်းကာ ပြင်းထန်လာတယ်။ သွေးဖိအားပါကျဆင်းပြီး သွေးလန့်ခြင်းပါဖြစ်ရင် အတ်ဒရီနယ်လင်း ချက်ချင်းထိုးလို့ ကုသရမယ် (သို့) စတီးရွိုက်၊ ဘာမီတွန်ထိုးနှံပြီး ကုသပေးနိုင်တယ်။

မတည့်တဲ့အစားအစာစားပြီး ဓာတ်မတည့်ခြင်းမှာ အစားအစာအချို့စားပြီး ဓာတ်မတည့်ခြင်းဖြစ်ရင် မှတ်သားထားပြီး ရှောင်ရှားရင် ကိုယ်နဲ့မတည့်တဲ့အစာကို ဖော်ထုတ်နိုင်မှာဖြစ်တယ်။ စတော်ဘယ်ရီအနံ့နဲ့ ဓာတ်မတည့်ရင် စားသောက်ဖို့ မကြိုးစားသင့်ပါဘူး။ ရက်လွန်ဒိန်ခဲ၊ ကြက်အူချောင်း၊ ဆာဒင်း၊ မက်ကာရင်၊ တူနာငါးတွေနဲ့ပြုလုပ်ထားတဲ့ ငါးအူချောင်း၊ ဝက်အူချောင်း၊ ဂေါ်ဖီထုပ်ချဉ်၊ အရက်၊ ၀ိုင်အနီတွေမတည့်ရင် ရှောင်ရှားဖို့လိုပါတယ်။ ကစီဓာတ်ပမာဏများနေရင် အစာအိမ်အူလမ်းကြောင်းထဲ ဘက်တီးရီးယားတွေက တုံ့ပြန်မှုကြောင့် ဇီဝတွင်း ပရိုတိန်းဖြစ်ပျက်မှုက ထွက်တဲ့ပစ္စည်းတွေ ထုတ်ပေးတယ်။ ကစီဓာတ်များတဲ့ဟင်းသီးဟင်းရွက်တွေ လျှော့စားသင့်တယ်။ လတ်လတ်ဆတ်ဆတ်ရှိတဲ့ဒိန်ချဉ်က အူထဲက အကျိုးပြုဘက်တီးရီးယားပမာဏကို ထိန်းညှိပေးတယ်။ ကစီဓာတ်များတဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေ လျော့စားရင် ကီဝီသီး၊ လိမ္မော်သီးနဲ့ စပျစ်သီးလို သစ်သီးတွေကနေ ဗီတာမင်ပြည့်ဝအောင် စားသုံးခြင်းက ခုခံမှုစနစ်မြင့်တက်စေပြီး ဓာတ်မတည့်မှုများအပေါ် ခံနိုင်ရည်ရှိပါတယ်။

ပြည်သူတို့အနေနဲ့ ဓာတ်မတည့်တဲ့ လက္ခဏာတွေပေါ်ပေါက်လာရင် သက်သာလာဖို့ မိမိရဲ့အစားအသောက်၊ အဝတ်အစား၊ အနေအထိုင်တို့ကို ခေတ္တပြုပြင်ပြောင်းလဲပြီး ဓာတ်မတည့်စေတဲ့အကြောင်းအရာကို ဆင်ခြင်စဉ်းစားသင့်ပါတယ်။ ဓာတ်မတည့်စေတဲ့ အကြောင်းမရှိစေဘဲ ဝေးဝေးက ရှောင်ရှားဆင်ခြင်ရင် ဓာတ်မတည့်တဲ့အန္တရာယ်မှ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ စိတ်ဖိစီးမှုမခံရအောင် စိတ်ညစ်ညူးစရာများ၊ ပူပင်သောကများ ထူးထူးခြားခြားကြုံတွေ့ရရင် စိတ်ကို ခဏပြေပျောက်အောင် အဝေးကိုပို့ထားပြီး ယခုတော့ နေရတဲ့နေရာနဲ့ အဝေးသို့ စိတ်ဖြေခြင်းများဆောင်ရွက်နိုင်ပေရာ ဘာသာတရား လိုက်စားမှုရှိဖို့ လိုအပ်ပါတယ်။

ဓာတ်မတည့်ခြင်းရောဂါများဟာ လူတိုင်းရှိနိုင်ပါတယ်။ တချို့ရာသီဥတုပြောင်းလဲရုံနှင့် ရင်ကြပ်ရောဂါပြန်ဖြစ်တတ်တယ်။ အချို့မြေပဲဆန်မတည့်ရောဂါကြောင့် ဂျီ (၆) ပီဒီ (G6pd) က ချို့ယွင်းမှုဖြစ်ကာ ဓာတ်မတည့်ခြင်းများ ဖြစ််တတ်သည်။ ယင်းရောဂါရှိကြောင်း ဆေးရုံဆေးခန်းတို့တွင် ကြိုတင် ပြောကြားထားဖို့လိုပါတယ်။ ဥပမာ - ပင်နဆလင်ဓာတ်မတည့်ခြင်း၊ ဆာလဖာဓာတ်မတည့်ခြင်းတို့ကို ကြိုတင်ပြောကြားထားရမယ်။ ဒါမှလည်း လွယ်ကူထိရောက်မှုရှိမယ်။ ဓာတ်မတည့်ရာမှာ ကြိုတင်ရှောင်ရှားနိုင်မှာ ဖြစ်တယ်။

Most Read

Most Recent