မော်လမြိုင်မြို့ ဘိုကုန်းရပ်ကွက်ရှိ Ocean Center တွင် ဖွင့်လှစ်ထားသည့် KBZ Bank ၌ ဧပြီ ၂၉ ရက် နံနက်ပိုင်းက ငွေထုတ်ရန် တန်းစီစောင့်ဆိုင်းသူ များပြားလွန်းသဖြင့် ထိန်းသိမ်းနိုင်ရန် လုံခြုံရေးယူနေသည့် ရဲတပ်ဖွဲ့ဝင် တစ်ဦးမှ သေနတ်ပစ်ဖောက်ခဲ့ကြောင်း သိရသည်။
“ငွေထုတ်ဖို့ လာစောင့်နေသူတွေ အရမ်းများတော့ မထိန်းနိုင်မှာ စိုးလို့လားတော့ မသိဘူး။ ရဲတစ်ယောက် သေနတ် ဖောက်လိုက်တာ။ မနက် ၁၁ နာရီလောက်အချိန်မှာ ဖြစ်သွားတာ” ဟု အဆိုပါ Ocean Center အနီး နေထိုင်သူ တစ်ဦးက ပြောကြားသည်။
အဆိုပါ KBZ Bank တွင် ငွေထုတ်ရန်အတွက် နံနက် ၄ နာရီအချိန်မှ စတင်ကာ လာရောက်တန်းစီ စောင့်ဆိုင်းသူများလည်း ရှိကြောင်း သိရသည်။ ပုဂ္ဂလိကဘဏ်များတွင် ငွေကြေး အပ်နှံထားသူများ၏ ဘဏ်စာရင်းအကောင့် တစ်ခုကို တစ်ပတ်လျှင် ကျပ် ၁၀ သိန်းသာ ထုတ်ခွင့်ပြုထားကြောင်းနှင့် ငွေထုတ်ယူရာတွင်လည်း ဘဏ်တစ်ဘဏ်ကို တစ်ရက်လျှင် ဘဏ်စာအုပ် ၅၀ ခန့်သာ ငွေထုတ်ပေးနိုင်သည့်အတွက် အများပြည်သူ ငွေထုတ်ရန် အခက်အခဲရှိနေကြကြောင်း သိရသည်။















