ဖမ်းဆီး ထိန်းသိမ်းခံထားရသော မြန်မာလွှတ်တော်ကိုယ်စားလှယ်များကို ပြန်လွှတ်ပေးရန်  နိုင်ငံတကာ လွှတ်တော်ကိုယ်စားလှယ် ၃၀၀ နီးပါး လက်မှတ်ထိုး တောင်းဆို

ဖမ်းဆီး ထိန်းသိမ်းခံထားရသော မြန်မာလွှတ်တော်ကိုယ်စားလှယ်များကို ပြန်လွှတ်ပေးရန်  နိုင်ငံတကာ လွှတ်တော်ကိုယ်စားလှယ် ၃၀၀ နီးပါး လက်မှတ်ထိုး တောင်းဆို
Published 29 April 2021
Ref:APHR

ဖမ်းဆီး ထိန်းသိမ်းခံထားရသော မြန်မာလွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် နိုင်ငံရေးအရ ဖမ်းဆီးထိန်းသိမ်း ခံထားရသူအားလုံးကို အမြန်ဆုံး ပြန်လွှတ်ပေးရန် နိုင်ငံတကာမှ လွှတ်တော်ကိုယ်စားလှယ် ၃၀၀ နီးပါးက လက်မှတ်ထိုး ထုတ်ပြန်၍ တောင်းဆိုထားကြောင်း သိရှိရသည်။

ယင်းသို့ လက်မှတ်ရေးထိုး တောင်းဆိုသည့် လွှတ်တော်ကိုယ်စားလှယ် ၃၀၀ နီးပါးမှာ အမေရိကန်၊ ကနေဒါ၊ အာဖရိက၊ ဥရောပ၊ အာရှ၊ သြစတြေးလျနှင့် နယူးဇီလန် အပါအဝင် ကမ္ဘာတိုက်ကြီး ငါးခုမှ နိုင်ငံပေါင်း ၂၈ နိုင်ငံက လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ကြသည်။

အဆိုပါ စုပေါင်းတောင်းဆိုမှုတွင် မြန်မာနိုင်ငံ၌ ဒီမိုကရေစီစနစ်ကို ပြန်လည်ထူထောင်ရန် အချက်ကိုလည်း ထည့်သွင်း တောင်းဆိုထားသည်။ ထို့ပြင် နိုင်ငံတကာ အသိုင်းအဝိုင်း၊ နိုင်ငံတကာ အစိုးရများအနေဖြင့် မြန်မာ့အရေးတွင် ကျယ်ပြန်သော တုံ့ပြန်မှုများကို ဖြစ်နိုင်သမျှ အစောဆုံး လုပ်ဆောင်ကြရန် တိုက်တွန်းတောင်းဆိုခဲ့သည်။

“မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတာတွေကြောင့် ထိတ်လန့်ရသလို အဲဒီက လွှတ်တော်ကိုယ်စားလှယ်တွေအတွက်လည်း အလွန်စိုးရိမ်မိတယ်”ဟု လက်မှတ်ရေးထိုး တောင်းဆိုမှုတွင် ပါဝင်သည့် ကနေဒါနိုင်ငံမှ လွှတ်တော်ကိုယ်စားလှယ် Bruce Stanton က ပြောကြားသည်။

ထို့ပြင် ဂျာမနီ လွှတ်တော်ကိုယ်စားလှယ် Renate Künast က လွှတ်တော်ကိုယ်စားလှယ်များသည် ဒီမိုကရေစီ၏ မဏ္ဍိုင်ကျောရိုးဖြစ်ပြီး ၎င်းတို့ကိုု အမြန်ဆုံးနှင့် ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန် တောင်းဆိုကြောင်း ပြောကြားသည်။

“ဖေဖော်ဝါရီလကတည်းက ဖမ်းဆီးထားသူ အားလုံးကို ပြန်လွှတ်ပေးဖို့နဲ့ မြန်မာပြည်သူတွေရဲ့ အလွန်ကျယ်လောင်တဲ့အသံကို ကြားဖို့တောင်းဆိုပါတယ်။ ဒီမိုကရေစီကို ပြန်လည် ထူထောင်ရမယ်”ဟု ဂျာမနီ လွှတ်တော်ကိုယ်စားလှယ်က ဆိုသည်။

ယခုတောင်းဆိုမှုများကို မြန်မာနိုင်ငံ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီမြှင့်တင်ရေးအတွက် ၂၀၂၁ ခုနှစ် မတ်လတွင် တည်ထောင်ခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာ လွှတ်တော်ကိုယ်စားလှယ်များ မဟာမိတ်အဖွဲ့ (IPAM) က ဦးဆောင် ပြုလုပ်ခြင်း ဖြစ်သည်။                                 

Ref:APHR