အဖိုးတန်အဝေးဂိုးနဲ့ ဗိုလ်လုပွဲတက်ဖို့ အခြေအနေကောင်းခဲ့တဲ့ ချယ်လ်ဆီး 

အဖိုးတန်အဝေးဂိုးနဲ့ ဗိုလ်လုပွဲတက်ဖို့ အခြေအနေကောင်းခဲ့တဲ့ ချယ်လ်ဆီး 
Photos: Getty Images & Team's Twitter
Photos: Getty Images & Team's Twitter
Published 28 April 2021

■ ရီးယဲလ်မက်ဒရစ် ၁-၁ ချယ်လ်ဆီး

ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်(ပထမအကျော့) ပထမပွဲမှာတော့ ချယ်လ်ဆီးအသင်းဟာ အဝေးကွင်းမှာ ရီးယဲလ်အသင်းကို (၁-၁)ဂိုးနဲ့ သရေကစားခဲ့ပြီး အဖိုးတန်အဝေးဂိုးရခဲ့တာကြောင့် ဗိုလ်လုပွဲတက်ဖို့ အခွင့်အရေးကောင်းသွားခဲ့ပါတယ်။ 

ရီးယဲလ်အသင်းဟာ ၃-၅-၂ ပုံစံကိုအသုံးပြုခဲ့ပြီး တိုက်စစ်မှာ ဘန်ဇီမာကို ဗင်နီစီယပ်စ်နဲ့ တွဲဖက်ပေးကာ တောင်ပံနှစ်ဖက်မှာတော့ မာဆယ်လိုနဲ့ ကာဗာဟယ်လ်တို့ကို အသုံးပြုခဲ့ပါတယ်။ 

ချယ်လ်ဆီးအသင်းကလည်း ပူလီဆစ်နဲ့ ဗာနာကို တိုက်စစ်မှာတွဲဖက်ပေးကာ ၃-၅-၂ ကစားကွက်ကိုပဲ အသုံးပြုခဲ့တာပါ။ 

ချယ်လ်ဆီးအသင်းဟာ ပွဲစကတည်းက ဖိကစားနိုင်ခဲ့ပြီး ပွဲချိန် (၁၅)မိနစ်အတွင်းမှာပဲ ဂိုးပေါက်တည့်ကန်ချက် (၃)ကြိမ်အထိ ရှိခဲ့တာပါ။ ပွဲချိန် (၁၁) မိနစ်မှာ ပူလီဆစ် ခေါင်းတိုက်ချပေးတာကို ဗာနာ အနီးကပ်ပိတ်သွင်းခွင့်ရခဲ့ပေမဲ့ ဂိုးသမားတည့်တည့်ကန်မီလို့ ချယ်လ်ဆီးအသင်း နစ်နာခဲ့ရပါတယ်။ 

ပွဲချိန် (၁၄)မိနစ်မှာတော့ ဖိကစားနေတဲ့ ချယ်လ်ဆီးအသင်း အဖွင့်ဂိုး ရခဲ့ပါတယ်။ ရူဒီဂါ နောက်တန်းက မပေးတာကို ပူလီဆစ်က အလိုက်ပြေးထွက်ပြီး ကော်တိုအာကို လိမ်ခေါက်ကာ အပိုင်ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ပူလီဆစ်ဟာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာ ဂိုးသွင်းနိုင်တဲ့ ပထမဆုံး အမေရိကန်ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ 

ရီးယဲလ်အသင်းကတော့ ပွဲအစပိုင်းမှာ ကစားကွက်တည်ဖို့ ရုန်းကန်ခဲ့ရပြီး ပွဲချိန် (၂၃)မိနစ်ရောက်မှ ဂိုးပေါက်ခြိမ်းခြောက်နိုင်ခဲ့တာပါ။ ပွဲချိန် (၂၃)မိနစ်မှာ ဘန်ဇီမာရဲ့ ဧရိယာအပြင်က ကန်ချက် တိုင်ထိထွက်ခဲ့တာ ဖြစ်ပါတယ်။ 

အဲဒီနောက်မှာတော့ ရီးယဲလ် တင်ကစားခဲ့ပြီး ပွဲချိန် (၂၉)မိနစ်မှာ ချေပဂိုးရခဲ့ပါတယ်။ ဒီရာသီမှာ ရီးယဲလ်အသင်းအတွက် ခြေစွမ်းပြနေတဲ့ ဘန်ဇီမာက မီလီတို ခေါင်းတိုက်ချပေးတာကို ချယ်လ်ဆီးနောက်ခံလူတွေ တားဆီးနေတဲ့ကြားကနေ ရင်ဘတ်နဲ့ထိန်းပြီး လှလှပပကန်သွင်းယူခဲ့တာပါ။ 

ပထမပိုင်းမှာ ချယ်လ်ဆီးအသင်း အခွင့်အရေးပိုရခဲ့ပေမဲ့ (၁-၁) ဖြစ်နေခဲ့တာပါ။ ဒုတိယပိုင်းမှာလည်း နှစ်သင်းစလုံး ဂိုးရဖို့အတွက် ကြိုးစားခဲ့ကြပြီး ပွဲဟာ ကြည့်ကောင်းခဲ့ပါတယ်။ 

အထူးသဖြင့် ချယ်လ်ဆီးအသင်းဟာ ခြေစွမ်းအသာစီးကစားနိုင်ခဲ့ပေမဲ့ ပထမပိုင်းကလောက်တော့ အခွင့်အရေး မရခဲ့ပါဘူး။ ပွဲချိန် (၆၆)မိနစ်မှာ ရီးယဲလ်အသင်းက ဗင်နီစီယပ်စ်အစား ဟာဇက် ဝင်လာသလို၊ ချယ်လ်ဆီးအသင်းကလည်း ပူလီဆစ်၊ ဗာနာ၊ အက်ဇ်ပီလီကွယ်တာတို့ကို ဟာဗက်ဇ်၊ ဇီယာ့ရှ်၊ ရီးစ်ဂျိမ်းစ်တို့နဲ့ လူစားလဲခဲ့ပါတယ်။ 

အဲဒီနောက်မှာလည်း နှစ်သင်းစလုံး ဂိုးတွေရဖို့ ကြိုးစားခဲ့ကြပေမဲ့ အပိုင်အခွင့်အရေးတွေ မရခဲ့သလို၊ နှစ်ဖက်အသင်း ခံစစ်ပိုင်းတွေကလည်း ခြေစွမ်းပြခဲ့တာကြောင့် (၁-၁)ဂိုးနဲ့ ပွဲပြီးခဲ့ပါတယ်။ 

အဝေးဂိုးရခဲ့တဲ့ ချယ်လ်ဆီးအသင်းကတော့ ၂၀၁၁-၁၂ ရာသီနောက်ပိုင်း ဗိုလ်လုပွဲတက်ရောက်ဖို့ အခွင့်အရေးကောင်းသွားခဲ့ပြီဖြစ်ပါတယ်။ 

Most Read

Most Recent