ဥရောပစူပါလိဂ်ပြိုင်ပွဲမှာ အားကစားမဟုတ်ကြောင်း ဂွါဒီယိုလာ ဝေဖန် 

ဥရောပစူပါလိဂ်ပြိုင်ပွဲမှာ အားကစားမဟုတ်ကြောင်း ဂွါဒီယိုလာ ဝေဖန် 
Photo: Getty Images
Photo: Getty Images
Published 20 April 2021

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ဥရောပစူပါလိဂ်ပြိုင်ပွဲမှာ အားကစားမဟုတ်ကြောင်း ပြင်းထန်စွာ ဝေဖန်ခဲ့သည်။ 

ဥရောပထိပ်သီးအသင်းများသည် UEFA ၏ ဦးဆောင်မှုအောက်မှ ခွဲထွက်၍ ဥရောပစူပါလိဂ်ပြိုင်ပွဲကို အကောင်အထည်ဖော်ရန် စီစဉ်နေပြီး FIFA, UEFA တို့အပါအဝင် ဘောလုံးပရိသတ်များကပါ ကန့်ကွက်မှုများ ရှိနေသည်။ 

ဥရောပစူပါလိဂ်ပြိုင်ပွဲဝင်အသင်းများထဲတွင် ပါဝင်သည့် မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ကြိုးစားသည့်အသင်းများ ယှဉ်ပြိုင်ခွင့်မရှိဘဲ အသင်းအနည်းငယ်သာ ယှဉ်ပြိုင်ခွင့်ရမည့် ဥရောပစူပါလိဂ်ပြိုင်ပွဲမှာ မျှတမှုမရှိကြောင်း ပြောကြားခဲ့သည်။ 

ဂွါဒီယိုလာက "အားထုတ်မှုနဲ့ အောင်မြင်မှုက ဆက်စပ်မှုမရှိဘူးဆိုရင် အားကစားက အားကစားမဟုတ်ပါဘူး။ ရှုံးရင်လည်း ကိစ္စမရှိဘူး ဒါမှမဟုတ် အနိုင်ရမယ်လို့ အာမခံချက်ရှိတာက အားကစား မဟုတ်ပါဘူး။ အသင်းတစ်သင်းက အစွမ်းကုန်ကြိုးစားပြီးမှ အသင်းအနည်းငယ်ပြိုင်ပွဲဖြစ်တဲ့အတွက် အဲဒီပြိုင်ပွဲကို ဝင်ပြိုင်ခွင့်မရဘူးဆိုတာ မတရားပါဘူး။ တာဝန်ရှိသူတွေမှာ ဒီကိစ္စနဲ့ပတ်သက်ပြီး ဖြစ်နိုင်သမျှ မြန်မြန်ဖြေရှင်းရမယ့် တာဝန်ရှိတယ်။ ချန်ပီယံလိဂ်ဖလားကို (၄)ကြိမ်ရထားတဲ့ အေဂျက်စ်က ဘာကြောင့် ဒီ(ဥရောပစူပါလိဂ်)ပြိုင်ပွဲမှာ ယှဉ်ပြိုင်ခွင့်မရတာလဲ။ လူတိုင်းက ကိုယ့်အကျိုးအတွက် လုပ်နေကြတယ်။ ပရီးမီးယားလိဂ်ကလည်း သူ့အကျိုးအတွက် လုပ်တယ်။ UEFA ကလည်း သူ့အကျိုးကိုပဲ သူကြည့်တယ်။ ဒီအနေအထားမှာတော့ UEFA က ရှုံးတာပေါ့။ UEFA အနေနဲ့ ဒီကိစ္စတွေ မပေါ်ခင်ကတည်းက ဆက်သွယ်ပြီး လုပ်ခဲ့ဖို့ကောင်းတယ်"ဟု ပြောကြားခဲ့သည်။ 

ဥရောပစူပါလိဂ်ပြိုင်ပွဲ အဆိုပြုချက်ကို ဂွါဒီယိုလာအပြင် လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်ကလည်း ကောင်းမွန်သည့်စိတ်ကူးမဟုတ်ဟု ဝေဖန်ထားကြောင်း သိရှိရသည်။ 

Most Read

Most Recent