၂၀၂၀ အတွင်း စီးရီးအေအသင်းများ အေးဂျင့်ခ ယူရို(၁၃၈)သန်း အသုံးပြုခဲ့ပြီး ဂျူဗင်တပ်စ်က ယူရိုသန်း(၂၀)ကျော်ဖြင့် အများဆုံးဖြစ်

၂၀၂၀ အတွင်း စီးရီးအေအသင်းများ အေးဂျင့်ခ ယူရို(၁၃၈)သန်း အသုံးပြုခဲ့ပြီး ဂျူဗင်တပ်စ်က ယူရိုသန်း(၂၀)ကျော်ဖြင့် အများဆုံးဖြစ်
Photo: Marca
Photo: Marca
Published 1 April 2021

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်အတွင်း စီးရီးအေအသင်းများသည် ကစားသမား ခေါ်ယူမှုများအတွက် အေးဂျင့်ခယူရို (၁၃၈)သန်း အသုံးပြုခဲ့ပြီး ဂျူဗင်တပ်စ်အသင်းက ယူရိုသန်း (၂၀)ကျော်ဖြင့် စီးရီးအေအသင်းများထဲတွင် အများဆုံး ဖြစ်ခဲ့ကြောင်း သိရှိရသည်။

အီတလီဘောလုံးအဖွဲ့ချုပ် (FIGC) က ၂၀၂၀ ပြည့်နှစ်အတွင်း စီးရီးအေကလပ်အသင်း (၂၀)၏ အေးဂျင့်ခ ပေးချေရမှုကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ယခင်နှစ်များကထက် လျော့ကျခဲ့ကြောင်း သိရသည်။

စီးရီးအေကလပ်အသင်းများသည် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်တွင် အေးဂျင့်ခ ယူရို (၁၈၇.၇) သန်းနှင့် ၂၀၁၈ ခုနှစ်တွင် အေးဂျင့်ခ ယူရို (၁၇၁.၅)သန်းအထိ အသုံးပြုခဲ့သည်။

သို့သော် ၂၀၂၀ ပြည့်နှစ်တွင် စီးရီးအေကလပ်အသင်းများသည် ကမ္ဘာအနှံ့ဖြစ်ပွားခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးနှင့် ရင်ဆိုင်ရခဲ့ပြီး ဘဏ္ဍာရေးအကျပ်အတည်းများနှင့်ကြုံတွေ့ခဲ့ရသဖြင့် ကစားသမားခေါ်ယူမှုများတွင် အသုံးစရိတ်လျော့ကျခဲ့သလို၊ အေးဂျင့်ခအသုံးပြုမှုမှာလည်း ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်များထက် သိသိသာသာလျော့နည်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

၂၀၂၀ ပြည့်နှစ်အတွင်း စီးရီးအေကလပ်အသင်းများထဲတွင် အေးဂျင့်ခ အသုံးပြုမှု အများဆုံးအသင်းအဖြစ် ဂျူဗင်တပ်စ်အသင်းက ယူရို (၂၀.၈)သန်း ဖြင့် ထိပ်ဆုံးတွင် ရပ်တည်ခဲ့သည်။

ဂျူဗင်တပ်စ်အသင်းသည် ၂၀၂၀ ပြည့်နှစ်အတွင်း အာသာ၊ မက်ကန်နီး၊ မိုရာတာ၊ မန်ဒရာဂိုနာ၊ ခီယေဆာစသည့် ကစားသမားများကို ခေါ်ယူခဲ့ပြီး အဆိုပါခေါ်ယူမှုများအတွက် အေးဂျင့်ခများစွာ ပေးချေခဲ့ရခြင်းဖြစ်သည်။

ဂျူဗင်တပ်စ်အသင်းနောက်တွင် မစ်ခီတာရီယန်၊ ပတ်ဒရိုတို့ အပါအဝင် ကစားသမား (၅) ဦး ခေါ်ယူခဲ့သည့် ရိုးမားအသင်းက အေးဂျင့်ခ ယူရို (၁၉.၁) သန်းဖြင့် ရပ်တည်နေသည်။

ရိုးမားအသင်း၏နောက်တွင် အေစီမီလန် (၁၄.၃)သန်း၊  နာပိုလီ (၁၂.၁)သန်း၊ ဖီအိုရင်တီးနား (၉.၇)သန်း နှင့် အင်တာမီလန် (၉.၁)သန်းတို့က အဆင့်(၃)မှအဆင့် (၆)အတွင်း အစဉ်လိုက်ရပ်တည်နေသည်။

၂၀၂၀ ပြည့်နှစ်အတွင်း အေးဂျင့်ခအနည်းဆုံးအသုံးပြုခဲ့သည့် အသင်းများမှာ စပီဇီယာနှင့် ခရိုတိုနီတို့ဖြစ်ပြီး စပီဇီယာက အေးဂျင့်ခယူရို (၈.၇)သိန်းသာ ရှိခဲ့ကာ ခရိုတိုနီအသင်းက အေးဂျင့်ခ ယူရို (၉.၆)သိန်း အသုံးပြုခဲ့သည်။

Most Read

Most Recent