တိုကျိုအိုလံပစ်ပြိုင်ပွဲအတွက် အမျိုးသားနှင့် အမျိုး သမီးဘောလုံးပြိုင်ပွဲ အုပ်စုမဲခွဲပွဲအခမ်းအနားကို ဧပြီ(၂၁) ရက်တွင် ဆွစ်ဇာလန်နိုင်ငံ၊ ဇူးရစ်မြို့ရှိ ကမ္ဘာ့ဘောလုံးအဖွဲ့ ချုပ် (ဖီဖာ) ရုံးချုပ်အဆောက်အအုံတွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
COVID -19 ကပ်ရောဂါကြောင့် တစ်နှစ်ကြာ ရွှေ့ဆိုင်းခဲ့ရသည့် တိုကျိုအိုလံပစ်ပြိုင်ပွဲကို ယခုနှစ် ဇူလိုင်- သြဂုတ်တွင် ပြန်လည်ကျင်းပမည်ဖြစ်ပြီး အမျိုးသားပြိုင်ပွဲကို ယူ-၂၄ ပြိုင်ပွဲနှင့် အမျိုးသမီးပြိုင်ပွဲကို အသက်ကန့်သတ် ချက်မထားဘဲ လက်ရွေးစင်အဆင့်ပြိုင်ပွဲအဖြစ် ကျင်းပသွားမည်ဖြစ်သည်။
ဖီဖာသည် ၁၉၉၂ ဘာစီလိုနာအိုလံပစ်ပြိုင်ပွဲမှစ၍ အမျိုးသားဘောလုံးပြိုင်ပွဲကို ယူ-၂၃ ပြိုင်ပွဲအဖြစ် ကျင်းပခဲ့သော်လည်း COVID -19 ရောဂါကြောင့် တိုကျိုအိုလံပစ်ပြိုင်ပွဲကို တစ်နှစ်ရွှေ့ဆိုင်းခဲ့ရသဖြင့် အသက်ကန့်သတ်ချက်ကို တစ်နှစ်တိုး၍ ယူ-၂၄ ပြိုင်ပွဲအဖြစ် တိုးမြှင့်ကျင်းပခြင်းဖြစ်သည်။ သို့ဖြစ်ရာ မူလသတ်မှတ်ထားသည့်အတိုင်း ၁၉၉၇ ခုနှစ် ဇန်နဝါရီ(၁)ရက်နောက်ပိုင်း မွေးဖွားသူများမှာ အိုလံပစ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်ပြီး အသက်ကျော်လွန်သည့် ကစားသမား(၃)ဦးကိုလည်း ထည့်သွင်းကစားခွင့်ရမည်ဖြစ်သည်။
အမျိုးသားပြိုင်ပွဲကို အိမ်ရှင်ဂျပန်အသင်းအပါအဝင် စုစုပေါင်း(၁၆)သင်းဖြင့် ကျင်းပသွားမည်ဖြစ်ပြီး ကွန်ကာကပ်ဖ်ဇုန်(၂)သင်းမှလွဲ၍ ကျန်(၁၄) သင်းအဖြေထွက်ပေါ်ထားပြီဖြစ်သည်။ ခြေစစ်ပွဲအောင်မြင်ထားသည့်အသင်းများမှာ ဥရောပဇုန်မှ ပြင်သစ်၊ ဂျာမနီ၊ ရိုမေးနီးယား၊ စပိန်၊ သမုဒ္ဒရာပိုင်းဇုန်မှ နယူးဇီလန်၊ အာဖရိကဇုန်မှ အီဂျစ်၊ အိုင်ဗရီကို့စ်၊ တောင်အာဖရိက၊ အာရှဇုန်မှ သြစတြေးလျ၊ ဆော်ဒီအာရေဗျ၊ တောင်ကိုရီးယား၊ တောင်အမေရိကဇုန်မှ အာဂျင်တီးနားနှင့် ဘရာဇီးလ်တို့ဖြစ်ပြီး ဘရာဇီးလ်အသင်းက ချန်ပီယံဆုကာကွယ်ရမည်ဖြစ်သည်။ အသင်း (၁၆)သင်းကို (၄)သင်းတစ်အုပ်စုအဖြစ် ခွဲဝေသွားမည်ဖြစ်ပြီး ထိပ်ဆုံးနေရာရပ်တည်နိုင်သည့် (၂) သင်းစီ ကွာတားဖိုင် နယ်တက်ခွင့်ရမည်ဖြစ်သည်။
အမျိုးသမီးပြိုင်ပွဲကိုမူ (၁၂)သင်းပြိုင်ပွဲအဖြစ် ကျင်းပမည်ဖြစ်ပြီး (၂)သင်းအဖြေထွက်ပေါ်ရန် ကျန်ရှိနေသေးသည်။ လက်ရှိချန်ပီယံ ဂျာမနီအသင်းမှာ ၂၀၁၉ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲမှ ထွက်ခဲ့ရသဖြင့် ခြေစစ်ပွဲမအောင်မြင်ဘဲ ချန်ပီယံကာကွယ်ခွင့် လက်လွှတ်ခဲ့ရသည်။
အမျိုးသားပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရအသင်းများ
အိမ်ရှင် ■ ဂျပန်
ဥရောပဇုန် ■ ပြင်သစ်၊ ဂျာမနီ၊ ရိုမေးနီးယား၊ စပိန်
သမုဒ္ဒရာပိုင်းဇုန် ■ နယူးဇီလန်
အာဖရိကဇုန် ■ အီဂျစ်၊ အိုင်ဗရီကို့စ်၊ တောင်အာဖရိက
အာရှဇုန် ■ သြစတြေးလျ၊ ဆော်ဒီအာရေဗျ၊ တောင်ကိုရီးယား
တောင်အမေရိကဇုန် ■ အာဂျင်တီးနား၊ ဘရာဇီးလ်
ကွန်ကာကပ်ဖ်ဇုန် ■ (၂) သင်း အဖြေမပေါ်သေး
အမျိုးသမီးပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရအသင်းများ
အိမ်ရှင် ■ ဂျပန်
ဥရောပဇုန် ■ ဂရိတ်ဗြိတိန်၊ နယ်သာလန်၊ ဆွီဒင်
သမုဒ္ဒရာပိုင်းဇုန် ■ နယူးဇီလန်
အာဖရိကဇုန် ■ ဇမ်ဘီယာ
အာရှဇုန် ■ သြစတြေးလျ၊ (တစ်သင်းအဖြေမပေါ်သေး)
တောင်အမေရိကဇုန် ■ ဘရာဇီးလ်
ကွန်ကာကပ်ဖ်ဇုန် ■ ကနေဒါ၊ အမေရိကန်
Play-0ff ■ တစ်သင်းအဖြေမပေါ်သေး
(အာဖရိက-တောင်အမေရိကဇုန်)















