တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်တွေ့ဆုံရန် ဆန္ဒရှိသော်လည်း တပ်မတော်က ပြည်သူများအတွက် မရှိမဖြစ် လိုအပ်နေသည့်အချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ပေးပြီးမှ တွေ့ဆုံမည်ဟု KNU ဥက္ကဋ္ဌ အကြောင်းပြန်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်တွေ့ဆုံရန် ဆန္ဒရှိသော်လည်း တပ်မတော်က ပြည်သူများအတွက် မရှိမဖြစ် လိုအပ်နေသည့်အချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ပေးပြီးမှ တွေ့ဆုံမည်ဟု KNU ဥက္ကဋ္ဌ အကြောင်းပြန်
Published 26 March 2021

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်တွေ့ဆုံရန် ဆန္ဒရှိသော်လည်း တပ်မတော်က ပြည်သူများအတွက် မရှိမဖြစ်လိုအပ်နေသည့်အချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ပေးပြီးမှ တွေ့ဆုံမည်ဟု ကရင်အမျိုးသားအစည်းအရုံး( KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ အကြောင်းပြန်စာ ပေးပို့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် KNU တို့ တွေ့ဆုံဆွေးနွေးရန် ကြားခံဆက်သွယ်မှုမှတစ်ဆင့် အသိပေး အကြောင်းကြားအား KNU က လက်ခံရရှိခဲ့ပြီး အဆိုပါ အသိပေးအကြောင်းကြားစာနှင့်ပတ်သက်၍ မတ် ၂၂ ရက် ရက်စွဲဖြင့် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ ပြန်လည် အကြောင်းကြားရာစာကို မတ် ၂၆ ရက်တွင် KNU က ထုတ်ပြန်သည်။

ဆန္ဒပြပြည်သူများကို အကြမ်းဖက်နှိမ်နင်းရေးအတွက် ဖြန့်ကျက်နေရာယူထားသည့် အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များနှင့် တပ်မတော်တပ်ဖွဲ့များအား ၎င်းတို့၏ သက်ဆိုင်ရာ အခြေစိုက်စခန်းများသို့ ပြန်လည်ရုပ်သိမ်းခြင်း၊ အပစ်အခတ်ရပ်စဲထားသည့် နယ်မြေဒေသများတွင် ဖြန့်ကျက်တပ်စွဲထားသည့် တပ်မတော်သားများကို သက်ဆိုင်ရာတပ်စခန်းများနှင့် အခြေစိုက်စခန်းများသို့ ပြန်လည်ရုပ်သိမ်းစေပြီး တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲကြောင်း ကြေညာခြင်းနှင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်းတို့ကို ဆောင်ရွက်ပေးရန် KNU ဥက္ကဋ္ဌ၏ အကြောင်းကြားစာတွင် တောင်းဆိုထားသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် တပ်မတော်၏ အာဏာသိမ်းသည့် ဆောင်ရွက်မှုနှင့် ဆက်စပ်နေသည့် ဖမ်းဆီးထားသူများအားလုံးကို ပြန်လည်လွှတ်ပေးရန်နှင့် စွဲချက်တင်ထားမှုများအား ပယ်ဖျက်ပေးရန်၊ ပြည်သူလူထု ဆန္ဒထုတ်ဖော်ပြသမှုဆိုင်ရာ လှုပ်ရှားမှုများအတွက် အထောက်အပံ့ ပေးအပ်သည့် ဆေးဝါး ကုသမှုဆိုင်ရာလုပ်ငန်းများအားလုံးအား အပြည့်အဝ လုပ်ဆောင်နိုင်ခွင့်ပေးရန် KNU ဥက္ကဋ္ဌက တောင်းဆိုသည်။

NCA စာချုပ်ပါ ပြဋ္ဌာန်းချက်များအားလုံးကို ရဲတပ်ဖွဲ့ဝင်များနှင့် တပ်မတော်သားများက လိုက်နာရန် အမိန့်ထုတ်ပြန်ခြင်းနှင့် အရပ်သားများအပေါ် ဆက်ဆံမှုနှင့်ပတ်သက်၍ NCA ပါ ပြဋ္ဌာန်းချက်များအား အလျင်အမြန် ဆောင်ရွက်ရန်လည်း KNU ဥက္ကဋ္ဌက တောင်းဆိုထားသည်။

အဆိုပါ ပြဋ္ဌာန်းချက်များတွင် လူ့ဂုဏ်သိက္ခာကို ထိခိုက်စေသည့် ချိုးဖောက်မှုများ၊ အကြမ်းဖက်မှုများ၊ ဥပဒေပြင်ပ ဖမ်းဆီးမှုများ၊ ပြန်ပေးဆွဲမှုများ၊ အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးမှုများ၊ လူသားမဆန်သည့် အပြုအမှုများနှင့် သတ်ဖြတ်မှုများ (သို့) လူတစ်ဦးတစ်ယောက်အား ဖျောက်ဖျက်မှုများ စသည့် ပြုမှုဆောင်ရွက်နေမှုများအား ရှောင်ကြဉ်ရန် ပါဝင်သည်။

အကြမ်းဖက်အင်အားသုံး၍ ပြည်သူများ၏ အစားအသောက်၊ ငွေကြေးပစ္စည်းပိုင်ဆိုင်မှုများအား ယူဆောင်ခြင်းနှင့် ပြည်သူများအား အဓမ္မ အလုပ်စေခိုင်းခြင်း (သို့) လုပ်ငန်းများ ဆောင်ရွက်စေခြင်း စသည်တို့ကို ရှောင်ကြဉ်ရန်၊ ဥပဒေမဲ့ ဖမ်းဆီးခြင်း၊ အတင်းအကြပ် ဝန်ခံစေခြင်း၊ တရားစွဲဆိုခြင်းနှင့် အမိန့်ချမှတ်ခြင်းများ မပြုလုပ်ရန် အဆိုပါ ပြဋ္ဌာန်းချက်များတွင် ဖော်ပြထားသည်။

ထို့ပြင် လူတစ်ဦးတစ်ယောက်၏ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပိတ်ပင်တားဆီးခြင်း မပြုလုပ်ရန်၊ စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဆေးခန်းများ

နှင့် ဘာသာရေး အဆောက်အဦးများအား ဖျက်ဆီးခြင်းများကို ရှောင်ကြဉ်ရန်၊ အဆိုပါ နေရာများတွင် တပ်ချထားမှုများအား ရှောင်ကြဉ်ရန်၊ အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်တိုက်ခိုက် အကြမ်းဖက်မှုများအား ရှောင်ကြဉ်ရန်နှင့် ကလေးငယ်များအား သတ်ဖြတ်ခြင်း၊ တပ်သားသစ်စုဆောင်ခြင်း စသည်တို့ကို ရှောင်ကြဉ်ရန်လည်း အဆိုပါ ပြဋ္ဌာန်းချက်တွင် ဖော်ပြခဲ့သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှစတင်၍ ပြည်သူလူထု၏ အခွင့်အရေးများကို ပိတ်ပင်သည့် တပ်မတော်မှ ပြဋ္ဌာန်းထုတ်ပြန်သည့် ဥပဒေများအားလုံးအား ပြန်လည်ရုပ်သိမ်းပေးရန်၊ နှစ်ပေါင်း ၇၀ ကျော် ကြာမြင့်ခဲ့သည့် ပြည်တွင်းနိုင်ငံရေးပဋိပက္ခများ၏ အရင်းအမြစ် ပြဿနာများနှင့် အကြောင်းတရားများကို စေ့စပ်ညှိနှိုင်းခြင်းအားဖြင့် ဖြေရှင်းရေးအတွက် သဘောတူရန်၊ တပ်မတော်မှ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ် တည်ဆောက်ရန် ကတိကဝတ်ပြုမှုကို လူသိရှင်ကြား ကြေညာချက်ထုတ်ပြန်ရန်နှင့် နိုင်ငံရေးတွင် ပါဝင်နေမှုအား နှုတ်ထွက်ကြောင်း ကြေညာရန် KNU ဥက္ကဋ္ဌက အကြောင်းကြားစာ ပေးပို့သည်။ 

 ထို့ပြင် အာဏာသိမ်းယူမှုအား အဆုံးသတ်နိုင်ရေး အထောက်အပံ့ဖြစ်စေမည့် နိုင်ငံတကာမှ စေ့စပ်ညှိနှိုင်းပေးမှုကို သဘောတူလက်ခံခြင်း၊ ညှိနှိုင်းဆွေးနွေးခြင်းနှင့် အမျိုးသားညီညွတ်ရေး အစိုးရတစ်ရပ်ဖွဲ့စည်းပြီး အာဏာလွှဲပြောင်းပေးရန်  KNU ဥက္ကဋ္ဌ၏ အကြောင်း​ပြန်စာ တွင်ရေးသားထားသည်။

ထို့အတူ ပြည်သူလူထုအပေါ် ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိသည့် ရဲတပ်ဖွဲ့နှင့် တပ်မတော်တပ်ဖွဲ့ဝင်များမှ နိုင်ငံနှင့်အဝှမ်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူ ပြည်သူလူထုအပေါ် ခြိမ်းခြောက်ခြင်း၊ တိုက်ခိုက်ခြင်း၊ သတ်ဖြတ်ခြင်း၊ အသက်သေဆုံးစေခြင်းနှင့် ပျောက်ကွယ်စေခြင်းများအား စစ်ဆင်ရေးသဖွယ် လုပ်ဆောင်နေခြင်းများကို KNU အနေဖြင့် လုံးဝလက်ခံနိုင်စရာ မရှိကြောင်း KNU ဥက္ကဋ္ဌက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ အကြောင်းကြားစာ ပေးပို့သည်။

ထိုလုပ်ဆောင်မှုများကြောင့် မြန်မာနိုင်ငံအတွက် ဂုဏ်သိက္ခာမဲ့စရာဖြစ်ပြီး အရှက်ရစေခြင်း၊ ပြည်သူလူထုအပေါ် ကြီးမားသော ဆုံးရှုံးမှုနှင့် လူမှုဘဝ ပျက်စီးခြင်းတို့ကို ဖြစ်ပေါ်စေကာ မကျေနပ်မှုနှင့် နာကြည်းမုန်းတီးမှုများကို ဖန်တီးပေါ်ပေါက်စေကာ ထိုသို့ ကြီးမားသော ဆုံးရှုံးမှုကို ခံစားနေကြရသူများသည် မိမိတို့ ပြည်သူများသာ ဖြစ်ကြောင်း KNU ဥက္ကဋ္ဌ၏ အကြောင်းကြားစာတွင် ဖော်ပြခဲ့သည်။

Most Read

Most Recent