ဘင်ဖီကာအသင်းသည် အက်သလက်တီကိုအသင်းနှင့် လမ်းခွဲပြီးနောက် အသင်းလက်မဲ့ဖြစ်နေသည့် စပိန်တိုက်စစ်မှူး ဒီယေဂိုကော်စတာကို တစ်နှစ်ယူရို (၃)သန်းဖြင့် (၂)နှစ်စာချုပ် ချုပ်ဆိုရန် ကမ်းလှမ်းထားကြောင်း သိရသည်။
အသက် (၃၂)နှစ်အရွယ်ရှိ ဒီယေဂိုကော်စတာသည် အက်သလက်တီကိုအသင်းတွင် ပုံမှန်ပွဲထွက်ခွင့်ရရန် ရုန်းကန်နေရသည့်အတွက် ၂၀၂၀ ဒီဇင်ဘာ (၂၉)ရက်တွင် စာချုပ်ဖျက်သိမ်းကာ အသင်းနှင့်လမ်းခွဲခြင်းဖြစ်သည်။
ဒီယေဂိုကော်စတာသည် ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့ကာလအတွင်းက ပရီးမီးယားလိဂ်သို့ ရောက်ရှိရန် နီးစပ်ခဲ့ဖူးသလို၊ အာရှမှ ကလပ်အသင်းအချို့၏ ကမ်းလှမ်းမှုများလည်း ရရှိခဲ့ကြောင်းလည်း သိရှိရသည်။
သို့သော် လက်တွေ့တွင် မည်သည့်အပြောင်းအရွှေ့မျှ ဖြစ်မြောက်ခြင်းမရှိခဲ့ဘဲ ဒီယေဂိုကော်စတာအနေဖြင့် ယနေ့တိုင် အသင်းလက်မဲ့ဖြစ်နေသည်။
ယခုအခါ ဘင်ဖီကာအသင်းက ဒီယေဂိုကော်စတာကို ခေါ်ယူရန် ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး လက်မှတ်ထိုးကြေးအဖြစ် ယူရို(၃)သန်း ပေးချေသွားမည်ဟုလည်း သိရသည်။















