COVID-19 ကပ်ရောဂါကြောင့် ဘဏ္ဍာရေးသက်ရောက်မှုကို ဖြေရှင်းရန်အတွက် မန်ယူအသင်း ပေါင်သန်း ၆၀ ချေးယူထားရ

COVID-19 ကပ်ရောဂါကြောင့် ဘဏ္ဍာရေးသက်ရောက်မှုကို ဖြေရှင်းရန်အတွက် မန်ယူအသင်း ပေါင်သန်း ၆၀ ချေးယူထားရ
Photo: Getty Images
Photo: Getty Images
Published 7 March 2021

 

ပရီးမီးယားလိဂ်ထိပ်သီးကလပ် မန်ယူ အသင်းသည် COVID-19 ကပ်ရောဂါ ကာလအတွင်း ဘဏ္ဍာရေးသက်ရောက်မှုကို ဖြေရှင်းရန်အတွက် ပေါင်သန်း ၆၀ ချေးယူ ထားရကြောင်း သိရသည်။

၂၀၂၀-၂၀၂၁ ရာသီအတွက် ဒုတိယသုံးလပတ် (ဒီဇင်ဘာ ၃၁ ရက်အထိ) ဘဏ္ဍာရေးရှင်းတမ်းကို ထုတ်ပြန်ကြေညာစဉ် ပေါင်သန်း ၆၀ ချေးယူထားရကြောင်း မန်ယူအသင်း အမှုဆောင်ဒုဥက္ကဋ္ဌ အက်ဒ်ဝုဒ်ဝက်က အတည်ပြုပြောကြားခဲ့ခြင်း ဖြစ်သည်။ 

ဒီဇင်ဘာလအတွင်း ပွဲစဉ်အချို့တွင် ပရိသတ်အနည်းငယ် ကြည့်ရှုခွင့်ရခဲ့သော်လည်း မန်ချက်စတာမြို့ပါဝင်ခြင်းမရှိသောကြောင့် ဒုတိယသုံးလပတ်အတွက် ပွဲ ကစားသည့်နေ့ဝင်ငွေမှာ ပေါင် ၁ ဒသမ ၅ သန်းသာရရှိခဲ့ပြီး ယခင်နှစ်ကာလတူ (ပေါင် ၃၂ ဒသမ ၇ သန်း) ထက် ၉၅ ဒသမ ၅ ရာခိုင်နှုန်း လျော့ကျသွားကြောင်း သိရသည်။ 

သို့ သော် ပွဲစဉ်အားလုံးကို ရုပ်သံမှထုတ်လွှင့်ပြသလျက်ရှိသောကြောင့် ရုပ်သံထုတ်လွှင့်ခွင့် ဝင်ငွေမှာ ပေါင် ၁၀၈ ဒသမ ၇ သန်းသို့ မြင့်တက်လာပြီး ယခင်နှစ်ထက် ၆၈ ရာခိုင်နှုန်း မြင့်တက်လာသည်။ ထို့ပြင် ယခုရာသီတွင် ချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရသောကြောင့် ဝင်ငွေရရှိမှု ပြန်လည်မြင့်တက်လာပြီး သုံးလပတ်အတွင်း ဝင်ငွေစုစုပေါင်း ပေါင် ၁၇၂ ဒသမ ၈ သန်းရရှိခဲ့ကြောင်း သိရသည်။

"ဒါက ရာစုနှစ်တစ်ခုမှာ တစ်ကြိမ်ကြုံ တွေ့ရတဲ့ အခက်အခဲမျိုးပါ။ ဒီအခြေအနေက ကျွန်တော်တို့အသင်းရဲ့ ခံနိုင်ရည်ရှိမှုနဲ့ တန်ဖိုးကိုလည်း စမ်းသပ်နေတာပါ။ အိုးလ်ထရက်ဖို့ဒ် မှာ ပရိသတ်တွေ ပြန်လည်ကြည့်ရှုခွင့်ရမယ့် အခြေအနေကိုလည်း ကျွန်တော်တို့ ဆွေးနွေး နေပါတယ်။ ကမ္ဘာတစ်ဝန်းမှာ Social Distancing ပုံစံနဲ့ အရေအတွက်လျှော့ချပြီးတော့ တိုက်ရိုက်တင်ဆက်နေတဲ့ အခမ်းအနားတချို့ရဲ့ အပြုသဘောဆောင်တဲ့ ဥပမာတွေကိုလည်း ကျွန်တော်တို့ တွေ့မြင်နေရပါပြီ။ လာမယ့်ရာသီမှာ ပရိသတ်တွေ ကွင်းလုံးပြည့် ပြန်ပြီး ကြည့်ခွင့်ရဖို့လည်း မျှော်လင့်ထားပါတယ်" ဟု အက်ဒ်ဝုဒ်ဝက်က ပြောကြားခဲ့သည်။

ကပ်ရောဂါကာလအတွင်း ကြွေးမြီပမာဏမှာ ၁၆ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်လာ ပြီး ပေါင် ၄၅၅ ဒသမ ၅ သန်းအထိရှိလာ ကြောင်း သိရသည်။ ကြွေးမြီပမာဏမြင့်တက်လာခြင်းမှာ ကွင်းဝင်ကြေးဝင်ငွေ လျော့ကျ သွားခြင်းကြောင့်ဖြစ်ပြီး ယခင်နှစ်ထက် ပေါင် ၆၄ ဒသမ ၃ သန်း မြင့်တက်လာခြင်းဖြစ် ကြောင်း ဘဏ္ဍာရေးအရာရှိချုပ် ကလစ်ဖ် ဘာတီက ပြောကြားသည်။

Most Read

Most Recent