စီးပွားရေး မဟာဗျူဟာသစ် ဆောင်ရွက်မှုတွင် မြို့နှင့်ကောင်တီ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၏ အရေးကြီးသော အခန်းကဏ္ဍကို မြောက်ကိုရီးယားခေါင်းဆောင် အလေးပေးပြောကြား

စီးပွားရေး မဟာဗျူဟာသစ် ဆောင်ရွက်မှုတွင် မြို့နှင့်ကောင်တီ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၏ အရေးကြီးသော အခန်းကဏ္ဍကို မြောက်ကိုရီးယားခေါင်းဆောင် အလေးပေးပြောကြား
ပြုံယမ်းမြို့တော်ရှိ အလုပ်သမားပါတီ ဗဟိုကော်မတီ အဆောက်အအုံတွင် ကျင်းပသော ညီလာခံအတွင်း ကင်ဂျုံအွန်ကို မတ် ၃ ရက်က တွေ့ရစဉ် (Photo:AFP)
ပြုံယမ်းမြို့တော်ရှိ အလုပ်သမားပါတီ ဗဟိုကော်မတီ အဆောက်အအုံတွင် ကျင်းပသော ညီလာခံအတွင်း ကင်ဂျုံအွန်ကို မတ် ၃ ရက်က တွေ့ရစဉ် (Photo:AFP)
Published 4 March 2021
Ref: Reuters

ငါးနှစ် စီးပွားရေးမူဝါဒများကို ဆောင်ရွက်ခြင်းနှင့် ပြည်သူလူထု၏ လူနေမှုဘဝ တိုးတက်အောင် ဆောင်ရွက်ခြင်းတို့တွင် မြို့နှင့်ကောင်တီ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၏ အရေးပါသော အခန်းကဏ္ဍကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က အလေးပေး ပြောကြားခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းမီဒီယာက မတ် ၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဒေသခံ ပြည်သူများအား ဂရုစိုက်ခြင်းသည် မြို့နှင့်ကောင်တီ အုပ်ချုပ်ရေးအဖွဲ့ဝင်များတွင် တာဝန်ရှိကြောင်း၊ မိမိတာဝန်ယူသည့် နယ်မြေဒေသများတွင် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အလှည့်အပြောင်းသစ် တစ်ခုကို စတင် ဆောင်ရွက်ကြရန် ကင်ဂျုံအွန်က တိုက်တွန်းခဲ့သည်။

“အခုအချိန်မှာ အရာအားလုံးက အုပ်ချုပ်ရေးအဖွဲ့ဝင်တွေရဲ့ အခန်းကဏ္ဍနဲ့ အားမာန်ပြည့်ဝတဲ့ ကြိုးပမ်းမှုအပေါ်မှာ မူတည်နေပါတယ်” ဟု ကင်၏ ပြောကြားချက်ကို KCNA က ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် ဇန်နဝါရီလက ကျင်းပခဲ့သော ပါတီညီလာခံအတွင်း စီးပွားရေး မဟာဗျူဟာ ငါးနှစ်စီမံကိန်းကို ထုတ်ပြန် ကြေညာခဲ့ခြင်း ဖြစ်သည်။

ပြည်သူလူထု၏ ကျန်းမာရေးကို ကာကွယ်ရန်အတွက် ရည်ရွယ်၍ သွင်းကုန်များကို ပိုးသတ်ခြင်းနှင့် လူမှုဘဝလုံခြုံရေး အပါအဝင် ဥပဒေ အများအပြားကို အတည်ပြုခဲ့သော မြောက်ကိုရီးယား ပြည်သူ့လွှတ်တော် (SPA) သည် မတ် ၃ ရက်တွင် မျက်နှာစုံညီ အစည်းအဝေးတစ်ခုကို သီးခြားကျင်းပခဲ့ကြောင်း KCNA က ထုတ်ပြန်ခဲ့သည်။

COVID-19 အတည်ပြုလူနာ အရေအတွက်ကို ထုတ်ပြန်ထားခြင်း မရှိသော မြောက်ကိုရီးယားနိုင်ငံသည် နယ်စပ်ဂိတ်များကို ပိတ်ထားခြင်း၊ နိုင်ငံအတွင်း အိမ်ပြင်သို့ထွက်၍ သွားလာလှုပ်ရှားမှုများအား တင်းတင်းကျပ်ကျပ် ကန့်သတ်ပိတ်ပင်ခြင်းတို့ လုပ်ဆောင်ထားသည်။ COVID-19 ကူးစက်ပျံ့နှံ့မှုကို ကာကွယ်၊ ထိန်းချုပ်ရန် တင်းကျပ်သော စီမံချက်များ ချမှတ်ခဲ့ခြင်းက မြောက်ကိုရီးယား၌ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများနှင့် စီးပွားရေး အကျပ်အတည်းကို ပိုမိုဆိုးရွားစေခဲ့ပြီး နိုင်ငံတကာမှ ပိတ်ဆို့ အရေးယူမှုများနှင့် ရင်ဆိုင်ကြုံတွေ့နေခဲ့ရပြီးဖြစ်သော နိုင်ငံ၌ ပြည်သူများ ငတ်မွတ်ခေါင်းပါးနေသည့် သတင်းများ ထွက်ပေါ်နေကြောင်း မြောက်ကိုရီးယားရှိ လူ့အခွင့်အရေး အခြေအနေကို ထောက်လှမ်းစောင့်ကြည့်သော ကုလသမဂ္ဂ အထူးကိုယ်စားလှယ် သောမက်စ်အိုဂျာကွီအင်တာနာ က ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ်အတွင်း မြောက်ကိုရီးယားနိုင်ငံမှ ထွက်ပြေးရန် ကြိုးပမ်းသူ အရေအတွက်မှာ သိသိသာသာ ကျဆင်းသွားခဲ့ပြီး မြောက်ကိုရီးယားမှ တောင်ကိုရီးယားသို့ ထွက်ပြေးခိုလှုံသူ ၂၂၉ ဦးသာ ရှိခဲ့ကြောင်း ကုလအစီရင်ခံစာတွင် ဖော်ပြထားသည်။ အတည်ပြုထားခြင်း မရှိသော ထုတ်ပြန်ချက်တစ်ခုတွင် မြောက်ကိုရီးယားသည် ၎င်း၏ နယ်စပ်တစ်လျှောက်၌ တစ်ကီလိုမီတာ အကျယ်ရှိသော ကြားခံနယ်မြေ ထားရှိထားပြီး ထိုနယ်မြေကို ဖြတ်သန်းရန် ကြိုးပမ်းသူမှန်သမျှကို ပစ်သတ်ရန် ညွှန်ကြားထားသည်ဟု ဆိုသည်။                    

Most Read

Most Recent