ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်ရာထူးကို လက်ခံခဲ့သည့် ပါတီဒုတိယဥက္ကဋ္ဌ ဦးကျော်ငြိမ်းကို ပါတီမှ နုတ်ထွက်ခွင့်ပြုထားပြီး ဖြစ်ကြောင်း CNLD ပါတီ ထုတ်ပြန်

ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်ရာထူးကို လက်ခံခဲ့သည့် ပါတီဒုတိယဥက္ကဋ္ဌ ဦးကျော်ငြိမ်းကို ပါတီမှ နုတ်ထွက်ခွင့်ပြုထားပြီး ဖြစ်ကြောင်း CNLD ပါတီ ထုတ်ပြန်
Published 4 March 2021

ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ၏ အဖွဲ့ဝင်ရာထူးကို လက်ခံခဲ့သည့် ပါတီ ဒုတိယဥက္ကဋ္ဌ (၄) ဦးကျော်ငြိမ်းကို ပါတီမှ နုတ်ထွက်ခွင့် ပြုထားပြီးဖြစ်ကြောင်း ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (CNLD) က မတ် ၃ ရက်တွင် ထုတ်ပြန်ကြေညာသည်။

ပါတီဒုတိယဥက္ကဋ္ဌ (၄) ဖြစ်သည့် ဦးကျော်ငြိမ်းက ပါတီဒုတိယဥက္ကဋ္ဌတာဝန်နှင့် ပါတီဝင်အဖြစ်မှ နုတ်ထွက်ခွင့်ပြုရန် ဖေဖော်ဝါရီ ၁၆ ရက်က ပါတီဥက္ကဋ္ဌထံ လိပ်မူတင်ပြထားမှုအပေါ် ယင်းနေ့တွင်ပင် နုတ်ထွက်ခွင့်ပြုကာ ပါတီဝင်အဖြစ်မှ ရပ်စဲခဲ့ပြီးဖြစ်သည်ကို ပါတီဗဟိုအလုပ် အမှုဆောင်ကော်မတီက သဘောတူ အတည်ပြုကြောင်း ထုတ်ပြန်ခြင်းဖြစ်သည်ဟု CNLD ပါတီထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“အဲဒီသတင်းတွေ (ပြည်နယ်ကောင်စီတွင် ပါဝင်မှု) ကျွန်တော်တို့ပါတီက မကြားခင်တည်းက သူက နုတ်ထွက်စာ တင်ပြီးသားပါ။ အဲဒါကြောင့် ကျွန်တော်တို့ပါတီရဲ့ စည်းမျဉ်းအရ ပါတီဝင် တစ်ယောက်ယောက်က နုတ်ထွက်စာ တင်တယ်ဆိုရင် နုတ်ထွက်ခွင့် ပြုရမယ်ပေါ့နော်။ နုတ်ထွက်ခွင့်ပြုရတယ်။ ပါတီက ရပ်ဆိုင်းရတယ်ပေါ့။ အဲဒီတော့ သူ့ရဲ့ ၁၆ ရက်နေ့ကတည်းက တင်ပြထားတဲ့ နုတ်ထွက်စာအရ ကျွန်တော်တို့က အတည်ပြုပေးတဲ့သဘော ဖြစ်ပါတယ်” ဟု CNLD ပါတီ အထွေထွေ အတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင်က ပြောကြားသည်။

ဒေသဖွံ့ဖြိုးရေးကို ရှေးရှု၍ ချင်းပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီတွင် အဖွဲ့ဝင်အဖြစ်ပါဝင်ရန် ကမ်းလှမ်းမှုအား လက်ခံခဲ့သည်ဟု ဦးသိန်းစိန် အစိုးရလက်ထက် ချင်းပြည်နယ် သစ်တောနှင့် သတ္တုရေးရာ ဝန်ကြီးဟောင်း ဦးကျော်ငြိမ်းက ချင်းဝေါလ်မီဒီယာသို့ မတ် ၃ ရက်တွင် ပြောကြားထားသည်။

၎င်းသည် CNLD ပါတီမှ မနုတ်ထွက်မီ ပါတီဒုတိယဥက္ကဋ္ဌ (၄) အဖြစ် တာဝန်ယူခဲ့သလို ၂၀၂၀ ရွေးကောက်ပွဲတွင် ပလက်ဝမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင်လည်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့သူ ဖြစ်သည်။

“သူ့ကိုကမ်းလှမ်းတဲ့ကိစ္စတွေ ဘာတွေက သူ့အပိုင်းပေ့ါလေ။ ပါတီအနေနဲ့ကတော့ မူကရှိပြီးသား။ ဒီအခုစစ်အာဏာသိမ်း အစိုးရ ကနေပြီးတော့ ကမ်းလှမ်းထားတဲ့ဟာတွေ  မှန်သမျှကို ကျွန်တော်တို့က လက်မခံဘူး။ ကျွန်တော်တို့ မယူဘူးပေါ့။ အဲဒီဟာက မူကရှိပြီးသား ဖြစ်တဲ့အတွက်ကြောင့် ပါတီအနေနဲ့က အစတည်းက လက်ခံလို့မရသလို နောက်နောင်လည်း လက်ခံလို့ရမှာ မဟုတ်ဘူးလေ။ အဲဒါကြောင့် သူအဲဒီဟာကို ယူသွားတဲ့ကိစ္စကတော့ သူက ကျွန်တော်တို့ ပါတီဝင်လည်း  မဟုတ်တော့တဲ့ အတွက်ကြောင့် တစ်ပိုင်း ပါတီမူနဲ့ မကိုက်ညီတဲ့ အတွက်ကြောင့်လည်း တစ်ပိုင်း ဦးကျော်ငြိမ်းရဲ့ လူပုဂ္ဂိုလ်တစ်ဦးနဲ့ ပတ်သက်တဲ့ဟာ သော်လည်းကောင်း၊ အဲဒီရာထူး ကိစ္စတွေနဲ့ သော်လည်းကောင်း ပါတီအနေနဲ့ လုံးဝပတ်သက်မှု မရှိသလို ဒီကိစ္စနဲ့ပတ်သက်ပြီး သိရှိခြင်းလည်း မရှိဘူး။ ပါဝင်ပက်သက်မှုလည်း မရှိဘူး။ တာဝန်ယူစရာလည်း မရှိဘူးပေါ့နော်” ဟု CNLD ပါတီ အထွေထွေအတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင်က ပြောကြားသည်။

နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီတွင် CNLD ပါတီဥက္ကဋ္ဌ ဦးငိုင်ဆာခ့်အား ပါဝင်ရန်နှင့် ပါတီဒုတိယဥက္ကဋ္ဌ ဦးရှန်လွန်းကို ပြည်နယ်ကောင်စီတွင် ပါဝင်ရန် တပ်မတော်က ကမ်းလှမ်းမှုများ ရှိခဲ့သော်လည်း ၎င်းတို့ နှစ်ဦးလုံးက ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent