နေပြည်တော်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် NLD ပါတီမှ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်အချို့ ဖမ်းဆီးခံရ

နေပြည်တော်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် NLD ပါတီမှ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်အချို့ ဖမ်းဆီးခံရ
Published 2 March 2021

နေပြည်တော်ကောင်စီနယ်မြေတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်အချို့ ဖမ်းဆီးခံခဲ့ရကြောင်း စုံစမ်းသိရသည်။

နေပြည်တော် ဥတ္တရသီရိမြို့နယ် အနိုင်ရလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းလှိုင်နှင့် ဒက္ခိဏသီရိမြို့နယ် အနိုင်ရလွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်ထွန်းတို့အား မတ် ၁ ရက်နှင့် ၂ ရက်တို့တွင် အသီးသီး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးအနေဖြင့် ညပိုင်းတွင် ဖမ်းဆီးခံရခြင်းမဟုတ်ဘဲ နံနက်ပိုင်း အပြင်၌ရှိနေစဉ် ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

“သာဝတ္ထိလမ်းဆုံလက်ဖက်ရည်ဆိုင်မှာ နံနက်စာစားနေတုန်း လူအင်အား ၅၀ လောက်နဲ့လာဖမ်းသွားတာ။ ဖမ်းတဲ့အချိန်မှာ ၇ နာရီ ၄၅ မိနစ်လောက်ရှိပြီ။ အရပ်ဝတ်နဲ့ တစ်ယောက်က သေနတ်နဲ့ချိန်ပြီး မင်းလိုက်ခဲ့လို့ ပြောတယ်။ ရိုက်နှက်ခေါ်ဆောင်သွားတာမျိုးတော့ မရှိဘူး။ အဲဒီဆိုင်မှာ ထိုင်နေတဲ့ သူတွေကိုတော့ သေနတ်နဲ့ချိန်ပြီးတော့ မထနဲ့။ ဖုန်းတစ်ယောက်မှမထုတ်နဲ့လို့ ပြောတယ်။ ဘယ်သူမှ မထရဲကြဘူး။ ဖုန်းလည်းမထုတ်ရဲကြဘူး” ဟု လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်ထွန်းအား ဖမ်းဆီးချိန်တွင် ၎င်းနှင့်အတူ ရှိနေသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ထို့အတူ နေပြည်တော်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဦးမင်းသူအား ဖေဖော်ဝါရီ ၂၅ ရက်  ည ၂ နာရီအချိန်တွင် ဥတ္တရသီရိမြို့နယ်ရှိ ရွှေဂုံတိုင်ဟိုတယ်တွင် တည်းခိုနေစဉ် ရဲတပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။

Most Read

Most Recent