အမေရိကန် ဆေးကုမ္ပဏီ Pfizer နှင့် တွဲဖက် ဂျာမန်ဆေးကုမ္ပဏီ BioNTech တို့၏ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတစ်လုံးသည် ရောဂါလက္ခဏာမပြသည့် ဗိုင်းရပ်စ်ကူးစက်ခံရသူဦးရေကို လျှော့ချပေးနိုင်သည့်အပြင် ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့နိုင်သည့် အန္တရာယ်ကို သိသိသာသာ လျော့ကျစေနိုင်သည်ဟု ဗြိတိန်သုတေသနစစ်တမ်းတစ်ရပ်မှ ထွက်ပေါ်လာသည့် ရလဒ်များကို ဖေဖော်ဝါရီ ၂၆ ရက်တွင် တွေ့ရှိခဲ့သည်။
အင်္ဂလန်အရှေ့ဘက်ပိုင်း ကမ်းဘရစ်ချ်မြို့ရှိ ကျန်းမာရေးစောင့်ရှောက်မှု ဝန်ထမ်းများအား စစ်ဆေးမှုများ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် သီတင်းပတ်တိုင်း COVID-19 ကူးစက်ခံရခြင်း ရှိ၊ မရှိ စစ်ဆေးမှုထောင်ချီမှ ရလဒ်များကို သုတေသီများက စမ်းစစ်လေ့လာခဲ့သည်။
Pfizer/BioNTech ၏ ကာကွယ်ဆေးတစ်လုံး ထိုးနှံပေးခဲ့ပြီးနောက် ရောဂါလက္ခဏာမပြသည့် ကျန်းမာရေးစောင့်ရှောက်မှု ဝန်ထမ်းများအကြားတွင် ဗိုင်းရပ်စ်ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိမှုနှုန်း သိသိသာသာ လျော့ကျသွားသည်ကို လေ့လာတွေ့ရှိခဲ့သည်ဟု ယင်းသုတေသနတွင် ပူးပေါင်းပါဝင်သည့် ကမ်းဘရစ်ချ် တက္ကသိုလ်ဆေးရုံမှ ကူးစက်ရောဂါကျွမ်းကျင်သူ နစ်ဂျုံးစ်က ဆိုသည်။
ကာကွယ်ဆေးထိုးနှံပြီးသည့် ဝန်ထမ်းများနှင့် မထိုးနှံရသေးသည့် ဝန်ထမ်းများမှ စစ်ဆေးမှုရလဒ်များကို ခွဲထုတ်ခဲ့ပြီးနောက် ကာကွယ်ဆေးမထိုးနှံရသေးသည့် ကျန်းမာရေးစောင့်ရှောက်မှုဝန်ထမ်းများ၏ ၀.၈၀ ရာခိုင်နှုန်းသည် ဗိုင်းရပ်စ်ကူးစက်ခံရကြောင်း တွေ့ရှိခဲ့သည်။
ကာကွယ်ဆေး၏ အာနိသင် အပြည့်အဝ မပြသေးသည့် ၁၂ ရက်ထက်မနည်းသည့် အချိန်တွင် ဗိုင်းရပ်စ်ကာကွယ်ဆေးထိုးနှံခဲ့သည့် ဝန်ထမ်းများ၏ ၀.၃၇ ရာခိုင်နှုန်းသည် ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရသည်။ ကာကွယ်ဆေးထိုးနှံပြီးနောက် ၁၂ ရက် သို့မဟုတ် ၁၂ ရက် ထက်ပိုသည့်အချိန်တွင် ရောဂါကူးစက်မှုနှုန်းသည် ၀.၂၀ ရာခိုင်နှုန်းသာရှိသည်။
ကာကွယ်ဆေး ထိုးနှံပြီး ၁၂ ရက်ထက်ကျော်သည့် အချိန်၌ ကျန်းမာရေးဝန်ထမ်းများကြားတွင် ရောဂါလက္ခဏာမပြသည့် ဗိုင်းရပ်စ်ကူးစက်မှုနှုန်းသည် ၁၂ ရက်ထက် မနည်းသည့်အချိန်တွင် ကူးစက်မှုနှုန်းနှင့် နှိုင်းယှဉ်ပါက ထက်ဝက်လျော့ကျသွားပြီး ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့နိုင်သည့် အန္တရာယ်ကို လေးဆအထိ လျော့ကျစေခဲ့သည်ဟု ကမ်းဘရစ်ချ် တက္ကသိုလ်၏ ဆေးဘက်ဆိုင်ရာဌာနမှကူး စက်ရောဂါကျွမ်းကျင်သူ မိုက်ဝိစ်က ဆိုသည်။
“Pfizer ရဲ့ ကာကွယ်ဆေးဟာ ဗိုင်းရပ်စ်ကြောင့် ဖျားနာနိုင်တဲ့အခြေအနေကနေ ကာကွယ်ပေးနိုင်ရုံမကဘဲ အခြားသူတွေကို ကူးစက်ပျံ့နှံ့နိုင်တဲ့အခြေအနေကို လျှော့ချပေးတဲ့နေရာမှာကူညီပေးနိုင်တာ သတင်းကောင်း တစ်ရပ်ပါပဲ။ ဒါပေမဲ့ ကာကွယ်ဆေးဟာလူတိုင်းကို အပြည့်အဝကာကွယ်မပေးနိုင်ဘူးဆိုတာတော့ ကျွန်တော်တို့တွေ အမှတ်ရနေဖို့ လိုပါတယ်” ဟု မိုက်က ပြောကြားခဲ့သည်။














