ပဋိပက္ခဖြစ်ပွားနေသော သို့မဟုတ် ဆင်းရဲမွဲတေနေသော နိုင်ငံများ COVID-19 ကာကွယ်ဆေးရရှိရေးအတွက် တောင်းဆိုသော ဆုံးဖြတ်ချက်မူကြမ်းကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများက ဖေဖော်ဝါရီ ၂၆ ရက်တွင် တညီတညွတ်တည်း ထောက်ခံခဲ့ကြကြောင်း သံတမန်များက ပြောကြားခဲ့သည်။
ယင်းသည် COVID-19 ကပ်ရောဂါ နှင့်ပတ်သက်၍ လုံခြုံရေးကောင်စီမှ ဒုတိယအကြိမ် ထောက်ခံအတည်ပြုသော ဆုံးဖြတ်ချက်ဖြစ်သည်။
“ကာကွယ်ဆေးအညီအမျှ ရရှိရေးကို မဲပေးထောက်ခံတာက အရေးကြီးပါတယ်။ ဒီအတွက်လည်း ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ တိကျသေချာတဲ့ ခြေလှမ်းတွေ လှမ်းထားသင့်ပါတယ်။ ထုတ်လုပ်မှုတိုးမြှင့်ဖို့၊ COVID-19 ကာကွယ်ဆေးထိုးနှံမှု မြှင့်တင်ဖို့အတွက် အချက်အလက်စီစဉ်တာတွေကို ဖြေလျှော့ပေးပြီးတော့ ဗိုင်းရပ်စ်ကို တက်နိုင်သမျှ မြန်မြန်တိုက်ထုတ်ကြရပါမယ်” ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် တက်ဒရိုအာဒါနွန် ဂီဘရီယေဆုက ပြောကြားခဲ့သည်။
ကာကွယ်ဆေးအညီအမျှရရှိရေး ဆုံးဖြတ်ချက်မူကြမ်းကို မဲပေးရာတွင် မကြုံစဖူးအဖြစ် ကုလလုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံစလုံးက ထောက်ခံမဲပေးခဲ့ကြကြောင်း သံတမန်များက ဆိုသည်။
တူညီသော ခြိမ်းခြောက်မှုအန္တရာယ်၊ တူညီသော ကပ်ရောဂါအန္တရာယ်တို့နှင့် မိမိတို့အားလုံး ရင်ဆိုင်ကြုံတွေ့နေရကြောင်း၊ နိုင်ငံတကာမှ ပူးပေါင်းဆောင်ရွက်မှုနှင့် ဘက်ပေါင်းစုံပါဝင်သောကြိုးပမ်းမှုများ လိုအပ်နေကြောင်း၊ ယခုဆုံးဖြတ်ချက်သည် ကောင်းမွန်သောဦးတည်ချက်ဆီသို့ ခြေဦးလှည့်ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ သံတမန်တစ်ဦးက ပြောကြားခဲ့သည်။
ကပ်ရောဂါတိုက်ဖျက်ရေးလုပ်ငန်းများ လွယ်ကူချောမွေစွာလုပ်ဆောင်နိုင်ရေးအတွက် စစ်မက်ဖြစ်ပွားနေသည့် နေရာများ၌ အပစ်အခတ်ရပ်စဲရေး တောင်းဆိုသော ဆုံး ဖြတ်ချက်မူကြမ်းကို ပြီးခဲ့သည့်ဇူလိုင်လတွင် ကုလလုံခြုံရေးကောင်စီက အတည်ပြုခဲ့သည်။ COVID-19 ကပ်ရောဂါနှင့်စပ်လျဉ်း၍ ပထမဆုံးအတည်ပြုခဲ့သည့် ထိုဆုံးဖြတ်ချက်ကို လုံခြုံရေးကောင်စီ၌ သုံးလကျော်ကြာ ညှိနှိုင်းဆွေးနွေးခဲ့ရသည်။
ကပ်ရောဂါနှင့်စပ်လျဉ်း၍ ဒုတိယအကြိမ် အတည်ပြုသည့် ယခုဆုံးဖြတ်ချက်ကိုမူ သီတင်းတစ်ပတ်ကြာမျှသာ ညှိနှိုင်းဆွေးနွေးခဲ့ရခြင်းဖြစ်သည်။
ဖေဖော်ဝါရီ ၂၆ ရက်က အတည်ပြုခဲ့သည့် ဆုံးဖြတ်ချက်သစ်တွင် COVID-19 ကာကွယ်ဆေးကို အကန့်အသတ်ဖြင့်ရရှိနေသော နိုင်ငံများ၌ ကပ်ရောဂါတိုက်ဖျက်ရေးလုပ်ငန်းတွင် စည်းလုံးညီညွတ်မှု၊ သာတူညီမျှမှု အရေးတကြီးလိုအပ်နေကြောင်းကို အလေးပေးထားသည်။
ဝင်ငွေနိမ့်နှင့် ဝင်ငွေအလယ်အလတ်ရှိသည့် နိုင်ငံများထံသို့ ဖွံ့ဖြိုးပြီးနိုင်ငံများက ကာကွယ်ဆေးလှူဒါန်းမှုများ ပြုလုပ်ပေးကြရန်လည်း တောင်းဆိုထားပြီး လက်နက်ကိုင် ပဋိပက္ခများဖြစ်ပွားနေသည့် နေရာများတွင် COVID-19 ကာကွယ်ဆေး လွယ်လင့်တကူရရှိနိုင်ရေးအတွက် နိုင်ငံတကာမှပူးပေါင်း ပါဝင်ပေးကြရန်လည်း ဆုံးဖြတ်ချက်မူကြမ်းတွင် တိုက်တွန်းထားသည်။














