ပြီးခဲ့သည့်နွေရာသီကတည်းက အိန္ဒိယနှင့် တရုတ်တပ်ဖွဲ့အကြား ထိပ်တိုက်တွေ့ခဲ့သည့်နေရာဖြစ်သော ဟိမဝန္တာနယ်စပ်ဒေသတစ်လျှောက်တွင် နျူကလီးယားလက်နက် ပိုင်ဆိုင်သော နှစ်နိုင်ငံအကြားတင်းမာမှုများ လျော့ကျလာသည့်အသွင်ရှိနေစဉ် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့က အရေးပေါ်ဖုန်းလိုင်း တပ်ဆင်ထားရှိရန် သဘောတူခဲ့ကြသည်။
ဖေဖော်ဝါရီ ၂၅ ရက်တွင် တရုတ်နှင့် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးတို့၏ ဖုန်းဆက်ဆွေးနွေးမှုအတွင်း နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနအကြား အရေးပေါ်ဖုန်းလိုင်းတပ်ဆင်ထားရှိရန် သဘောတူခဲ့ခြင်းဖြစ်ကြောင်း၊ နယ်စပ်ပဋိပက္ခကို အလျင်အမြန်ဖြေရှင်းဆောင်ရွက်နိုင်ရန် အိန္ဒိယအစိုးရအဖွဲ့က တွန်းအားပေးနေကြောင်း၊ ပဋိပက္ခဖြစ်မှုအခြေအနေ ရှည်ကြာနေခြင်းသည် နှစ်ဖက်စလုံးအတွက် အကျိုးမရှိကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဂျေးရှန်ခါနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့၏ ဖုန်းဆက်ဆွေးနွေးမှုအကြောင်းကို ကိုးကား၍ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့်ဧပြီလကတည်းက တင့်ကားများနှင့် အမြောက်တပ်များဖြင့် နှစ်ဖက် စစ်သားထောင်နှင့်ချီ ထိပ်တိုက်တွေ့မှုဖြစ်ပွားရာ အနောက်ဘက်ဟိမဝန္တာဒေသ လာဒက်ရှိ ရေကန်ဧရိယာ၌ ချထားသော တပ်ဖွဲ့များကို ရုပ်သိမ်းခဲ့ကြောင်း နှစ်နိုင်ငံစလုံးက ဖေဖော်ဝါရီ ၂၁ ရက်တွင် ပြောကြားခဲ့ကြသည်။
အိန္ဒိယကာကွယ်ရေးဝန်ကြီး ရာဂျ်နတ်ဆင်း၏ ဖေဖော်ဝါရီထုတ်ပြန်ချက်အရ လာဒက်ဒေသ၏ အခြားသောနယ်မြေများတွင် အနီးကပ်တပ်ချထားမှုများကို အဆုံးသတ်ရန် နိုင်ငံစလုံးက ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်သွားလိမ့်မည်ဖြစ်သည်။
ပဋိပက္ခဖြစ်ပွားရာနေရာအားလုံးမှ တပ်ဆုတ်ခွာမှု ပြီးစီးသည်နှင့် တစ်ပြိုင်နက် လာဒက်ဒေသတွင် တပ်ဖွဲ့ဝင်အရေအတွက် ပိုမိုလျှော့ချသွားရန်နှင့် တည်ငြိမ်အေးချမ်းမှု ပြန်လည်ထိန်းသိမ်းရန် နှစ်နိုင်ငံစလုံးက ကြိုးပမ်းလိမ့်မည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
တရုတ်စစ်သားများသည် အိန္ဒိယဘက်ခြမ်းရှိ Line of Actual Control နယ်စပ်အတွင်းသို့ ကျူးကျော်ဝင်ရောက်လာခဲ့ကြောင်း အိန္ဒိယက ထုတ်ပြန်ခဲ့သည့် ပြီးခဲ့သောနှစ် ဧပြီတွင် လာဒက်ဒေသ၌ နှစ်နိုင်ငံတပ်ဖွဲ့များအကြား ပဋိပက္ခဖြစ်ပွားခဲ့သည်။
တရုတ်ကမူ ၎င်း၏တပ်ဖွဲ့များသည် တရုတ်ပိုင်ဧရိယာအတွင်း၌ လှုပ်ရှားခဲ့ကြခြင်းဖြစ်ကာ အိန္ဒိယစစ်သားများဘက်မှ ကျုးကျော်ရန်စခြင်း ဖြစ်သည်ဟု စွပ်စွဲထားသည်။
ဇွန်လတွင် လာဒက်ဒေသ၏ ဂယ်ဝမ်တောင်ကြားတွင် နှစ်နိုင်ငံတပ်ဖွဲ့များအကြား ကိုယ်ထိလက်ရောက် တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး အိန္ဒိယ စစ်သား ၂၀ ထက်မနည်း သေဆုံးခဲ့သည်။ ထိုဖြစ်ရပ်အတွင်း တရုတ်စစ်သား လေးဦး သေဆုံးခဲ့သည်ဟုပြီးခဲ့သည့် သီတင်းပတ်တွင် တရုတ်အစိုးရအဖွဲ့က ထုတ်ပြန်ကြေညာခဲ့သည်။
ပိုင်းခြားသတ်မှတ်ထားခြင်းမရှိသော ကီလိုမီတာ ၃,၈၀၀ ရှည်လျားသည့် နှစ်နိုင်ငံနယ်စပ်တွင် မည်သည့်စစ်လက်နက်မျှ အသုံးပြုတိုက်ခိုက်ခြင်း မလုပ်ဆောင်ရန် နှစ်နိုင်ငံအကြား ကာလရှည်သဘောတူညီချက်ကို လိုက်နာစောင့်ထိန်းခြင်းအားဖြင့် နှစ်ဖက်တပ်ဖွဲ့များသည် လက်ဗလာတိုက်ခိုက်မှုနှင့် သံများစိုက်ထားသည့် တုတ်ကဲ့သို့သော အလယ်ခေတ်လက်နက်များ အသုံးပြု တိုက်ခိုက်ခဲ့ကြသည်။














