ဆယ့်နှစ်ရာသီ ရွှေဖလားထဲက မဲနှစ်မဲကို ပြန်ရေတွက်ခြင်း

ဆယ့်နှစ်ရာသီ ရွှေဖလားထဲက မဲနှစ်မဲကို ပြန်ရေတွက်ခြင်း
Photo: Live Mint
Photo: Live Mint
Published 26 February 2021
ကျော်ထင်

သိပ္ပံမောင်ဝ၏ “သီပေါမင်း နန်းတွင်းရေး” နှင့် “နန်းတွင်းရေး”တို့ကို ဖတ်ဖြစ်ခဲ့သည်။ သိပ္ပံမောင်ဝ ဆိုသည်ကား အများသိကြသည့်အတိုင်း ၀ါကျတိုသမား၊ ခေတ်စမ်းပုံပြင်များကို ရေးသားခဲ့သူတစ်ယောက် ဖြစ်သည်။ ၀ါကျတိုသမား ဆိုသော်လည်း ၀ါကျရှည်များကို ၀ါးလုံးသိမ်းငြင်းဆန်နေသူ တစ်ယောက်တော့ မဟုတ်။ သို့သော် ၀ါကျတိုသမားများကို ခါးခါးသီးငြင်းဆန်မှုမျိုးများနှင့်တော့ ကြုံခဲ့ရသူဖြစ်ခဲ့သည်။ ၀ါကျတိုများကြောင့် မြန်မာစာပေ ကမောက်ကမ ဖြစ်ရသည်ဟု ရသေ့ဦးစိန္တာက အပြင်းအထန်ကန့်ကွက်ခဲ့သည်။ ရှေးစကားပြော၊ ရှေးစာရေးသောပုဂ္ဂိုလ်တို့ကို ၀ါကျတိုသမားများက အရိုအသေနည်းကြလိမ့်မည်ဟု ဘုရားဟောရှိခဲ့သည်မှာ မှန်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းကို အခြေအမြစ်မရှိကြောင်း မြန်မာ့နေ့စဉ်သတင်းစာ၌ မောင်ခကွေးဟူသော ကလောင်အမည်ဖြင့် သိပ္ပံမောင်ဝက ချေပခဲ့သည်။ စင်စစ်သိပ္ပံမောင်ဝတို့ ခေတ်စမ်းတစ်သိုက်သည် ရှေ့ကအစဉ်အလာဂန္ထဝင်ကို ပစ်ပယ်ငြင်းဆန်ကြသည်မဟုတ်။ ဂန္ထဝင်ကို ထိန်းသိမ်းမြတ်နိုးစရာအဖြစ် သဘောထားကြသည်။ စာပေယဉ်ကျေးမှု တစ်ရပ်အဖြစ် ရှုမြင်ခဲ့ကြသည်။ ခေတ်စမ်းတစ်သိုက်သည် မြန်မာစာ တိုးတက်စေရေးအတွက် ခေတ်နှင့်လျော်သော အရေးအသားသစ်ကို ဖန်တီးခဲ့ကြခြင်းသာ ဖြစ်သည်။ အစဉ်အဆက်၌လည်း အရေးပုံသဏ္ဌာန်သစ်သာမက စာလုံးပေါင်းပုံသဏ္ဌာန်သစ်အထိပင် ပြောင်းခဲ့ကြသည်ကို မြင်တွေ့နိုင်သည်။ အရေးပုံသဏ္ဌာန်သစ်ဆိုရာ၌လည်း စကားအစိတ်အပိုင်း အထားအသိုများ ပြောင်းလဲပစ်ခြင်းမျိုး မဟုတ်ဘဲ ရှည်လျားသော ၀ါကျများ/လင်္ကာဖက်သော ၀ါကျများကို ရှောင်၍ တိုသော၊ ရှင်းသော၊ ခေတ်လူတို့ နားလည်လွယ်သော အရေးအသားသစ်ကိုသာ ဖန်တီးခဲ့ကြခြင်း ဖြစ်သည်။

ယခု စာတမ်းတွင် သိပ္ပံမောင်ဝ ဖန်တီးခဲ့သော “သီပေါမင်းနန်းတွင်းရေး” နှင့် “နန်းတွင်းရေး” ပုံပြင်တို့ကို ချဉ်းကပ်ကြည့်ချင်သည်။ နန်းတွင်းရေးတို့သည် ရှုပ်ထွေး၏။ သပွတ်အူလိုက်၏။ သီပေါမင်း ထီးနန်းတက် လာခြင်းသည် တခြားသော မင်းတို့နှင့်မတူ တစ်မူထူးနေ၏။ ဆင်ဖြူမရှင်နှင့် ကင်းဝန်ဦးကောင်းတို့၏ မဲနှစ်မဲဖြင့် ထီးနန်းရလာရခြင်းဖြစ်သည်။ မင်းတုန်းမင်းကြီးအလွန် မြန်မာထီးနန်းကို ဦးဆောင်မည့် အခန်းကဏ္ဍအတွက် စိတ်ကူးနှင့် အိပ်မက်နှစ်ခုသည် မဲနှစ်မဲအဖြစ် ဆယ့်နှစ်ရာသီ ရွှေဖလားကြီးထဲ၌ ပေါင်းဆုံခဲ့ခြင်း ဖြစ်သည်။ ဆင်ဖြူမရှင်ကြီးကလည်း သမီးနှင့်သမက် ပေါင်းဖက်ရမည့်စိတ်ကူး။ ကင်းဝန်ဘက်ကလည်း စည်းမျဉ်းခံဘုရင်စနစ်အတွက် အကွက်ကျမည့် အိပ်မက်။

ထိုစိတ်ကူးနှင့် အိပ်မက်တို့သည် လက်ဝါးချင်းရိုက်လျက် ဆယ့်နှစ်ရာသီ ရွှေဖလားထဲမှ ခုန်ထွက်လာသည်။ ဆယ့်နှစ်ရာသီ ရွှေဖလားကြီးထဲသို့ သုံးဆယ်မင်းသား၊ မက္ခရာမင်းသား၊ သာဂရမင်းသား၊ ညောင်အုပ်မင်းသား၊ ညောင်ရမ်းမင်းသား၊ သီပေါမင်းသားတို့အနက်မှ ကြိုက်နှစ်သက်ရာနန်းလျာ၏ အမည်ကို စာရွက်တွင်ရေး၍ မဲထည့်ခဲ့ကြသည်။ ရေနံချောင်းမင်းကြီး ဦးရွှေစိုးက သုံးဆယ်မင်းသားကို တစ်မဲ။ မကွေးမင်းကြီး ဦးလှိုင်က မက္ခရာမင်းသားအတွက် တစ်မဲ။ ခန်းပတ်မင်းကြီး ဦးရွှေမောင်၏ ညောင်ရမ်းမင်းသားကို ထောက်ခံသော တစ်မဲ။ ကင်းဝန်နှင့် ဆင်ဖြူမရှင်တို့၏ စိတ်ကူးအိပ်မက်တို့က သီပေါအတွက် မဲနှစ်မဲ။

ထိုနည်းဖြင့် သီပေါမင်းမှာ သူ့အထက် မင်းသားတို့ထက် တစ်လေးအသာဖြင့် မင်းဖြစ်လာခဲ့သည်။ သို့သော် ကျွန်တော်သည် ထိုအရေးတို့ကို အဓိကထားလိုသည်မဟုတ်။ ထိုအရေးတို့ကို ပြောပြခဲ့သော “တို့ဆရာကြီး” ဆိုသူ၏ ပြောစကားတို့ကို ပဓာနထား၍ တွေးဆကြည့်လိုသည်။ တို့ဆရာကြီး၏ ပြောစကားတို့တွင် ခြားနားသောလေသံကို နားစွင့်လိုက်ရသကဲ့သို့ ရှိသည်။ မောင်လူအေး၏ လေက ကိုလိုနီကျွန်ခေတ်လေဆိုလျှင် တို့ဆရာကြီး၏လေကား ပဒေသရာဇ်ခေတ် သခင်လေဖြစ်မည်လား။

ထပ်ပြီး စဉ်းစားရလျှင် မောင်လူအေး၏ လေသံကား အရပ်သုံးလေ။ တို့ဆရာကြီး၏လေသံကား ရာဇဌာနီလေပင် ဖြစ်လေမည်လားဟု အတွေးရသည်။ ကျွန်အပြောနှင့် သခင်အပြောတို့သည် ကွာလိမ့်မည်။ နန်းဓလေ့အသုံးနှင့် အရပ်ဓလေ့အသုံးတို့သည်လည်း ကွာခဲ့သည်။ အရိုင်းနှင့် အယဉ်သည်လည်း ကွာနိုင်သည်။ ကျွန်တော်တစ်ဦးတည်း၏ အမြင်အရဆိုလျှင် လူတန်းစားရှိလျှင် စကားအတန်းအစားလည်း ရှိပေလိမ့်မည်။ ဘာသာစကားတစ်ခုတည်းကိုပင် အရပ်မတူလျှင် အသုံးမတူသော အရပ်သုံးများရှိသကဲ့သို့ အကြောင်းအရာအတူတူကိုပင် အသုံးမတူခြင်းများလည်း ရှိသည်။

ဥပမာ “ကိစ္စ” ဟူသော စကားလုံးကို အလုပ်ကိစ္စ၊ စီးပွားရေးကိစ္စ စသည်များအဖြစ် အသုံးပြုသကဲ့သို့ တချို့အရပ်တွင် “ကိစ္စ” ဆိုသည်မှာ အသုဘနာရေးကို ဆိုလိုပေသည်။ လတ်တလော ခေတ်စားနေသည့် သံပုံးတီးသည့် အကြောင်းအရာတူကိုပင် အပနှင်ခြင်း၊ တောထုတ်ခြင်း၊ နယန်နှင်ခြင်းဟူ၍ အမျိုးမျိုး ခေါ်ဆိုကြပေသည်။ တချို့စကားလုံးများဆိုလျှင် နေ့အသုံးနှင့် ညအသုံး (အရပ်သုံးနှင့် ဆေးအသုံး) ပင် ခွဲခြားခေါ်ဆိုကြသေးသည်။ ထုံးဖြူကို ဆေးအဖြစ် ညအချိန်အခါမျိုးတွင် သုံးမည်ဆိုပါက စံပယ်ဟူ၍ ခေါ်ဆိုကြလေသည်။ မြွေဆေးထိုး၍ မြွေရှောင်ရသော ရွှေရင်ကျော် အထက်ဆေးဂိုဏ်းသားများကပဲ လင်းမြွေသီးကို ပုံလုံသီးဟု ခေါ်ဆိုကာ စားသောက်တတ်ကြသည်။

ထို့ပြင် ဒေသမတူလျှင် အခေါ်မတူသကဲ့သို့ အသံမတူသော ဒေသသံများလည်း ရှိပါသေးသည်။ ထိုသို့ အရပ်မတူ၊ ဒေသ မတူသောအသုံးတို့ကို ဇနပဒဟုခေါ်ကြောင်း ဆရာကြီး ဦးဖေမောင်တင်၏ ရာဇဌာနီစကားတွင် ဖတ်ရှုခဲ့ဖူးသည်။ သိပ္ပံမောင်ဝ၏နန်းတွင်းရေးနှစ်ပုဒ်စလုံးတွင် တို့ဆရာကြီးဆိုသူကား ရာဇဌာနီနှင့် နီးစပ်ကျွမ်းဝင်ခဲ့ဖူးသူ တစ်ဦးဖြစ်၍ တို့ဆရာကြီး၏စကားသည် ရာဇဌာနီစကားလေလောဟု အတွေးပွားမိခြင်း ဖြစ်သည်။ သို့တည်းမဟုတ် ဇနပဒဟူသော ဒေသစကားလေလောဟူ၍လည်း မတင်မကျဖြစ်ရသည်။

ဇနပဒဟူသည် ကျေးရွာဇနပုဒ်တို့ကို ခေါ်ဆိုသော စကားလုံးဖြစ်သည်။ ကျေးရွာဇနပုဒ်တို့တွင် သူ့ပထဝီ၊ သူ့ရာသီနှင့်အညီ သူ့အဝန်းအဝိုင်းအတွင်း တစ်ပြေးညီပြောဆို သုံးစွဲနေသော စကားများရှိသည်။ လေသံများ ရှိသည်။ မုန့်ပျားသလက်နှင့် မုန့်ပျစ်စလက်။ ဒေါ်ဆယ်နှင့် တိုရှေ။ မြင်းခွာကြီးဥနှင့် ယောက္ခမရင်ခြောက်ဥ။ တရုတ်မန်ကျည်းသီးနှင့် ကုလားမန်ကျည်းသီး။ ကျွဲနှင့်ကျွား။ ထန်းလျက်နှင့် အညက်။ ကြောင်နှင့် မြှီးညောင်။ မြွေကိုက်နှင့် ပိုးထိ စသည်ဖြင့် များပြားလှသည်။ ယင်းသို့ များပြားလှသော ဇနပဒဒေသိယစကားတို့ကို အပြည့်အစုံသိဖို့ဆိုလျှင် ရွာစဉ်အနှံ့ခြေဆန့်၍ သွားရပေလိမ့်မည်။ တစ်ရွာတွင် နား၊ တစ်ရွာ၌ အိပ်၍ ဇနပဒ စကားတို့ကို နားထောင်မှတ်သားကာ ကျမ်းတစ်စောင် ပြုစုရပေလိမ့်မည်။

ပြုလည်း ပြုစုသင့်ပေသည်။ ရှေးက ပြုစုခဲ့သော ကျမ်းဂန်များဖြင့် ကျေနပ်နှစ်သိမ့်နေ၍ မရပေ။ မည်သည့်နယ်တွင် မည်သို့ပြော၍ မည်သည့်အရပ်တွင် မည်သို့ အမည်တပ်ကြောင်းများကို အစွမ်းရှိသူတို့ သုတေသန လုပ်သင့်ပေသည်။ အထူးသဖြင့် အရပ်တစ်ရပ်၏ လေကို နားထောင်ကြည့်ကာ မည်သည့်အရပ်က မည်သည့်လေ၊ မည်သည့်ရွာက မည်သည့်အသံ စသည်တို့ကို မှတ်တမ်းထားသင့်ပေသည်။ တချို့အရပ်သည် “အေ” ကို လေသံဆွဲ၍ ပြောတတ်သည်။ အချို့အရပ်က “အေး-ဆို” ဟူသော စကားထောက်ကို  “အင်း” အစား၊ “ဟုတ်ပါ့” အစား အသုံးပြုကြသည်။ တချို့အရပ်က “နို့” ဆိုသော အသံဖြင့် စကားကိုစတတ်သည်။ စကားကို ဆက်တတ်သည်။

နန်းတွင်းရေး နှစ်ပုဒ်စလုံးမှ ရာဇဌာနီနှင့်နီးစပ်ခဲ့သော တို့ဆရာကြီး၏ လေတွင် “ပ” နှင့် “က” ဟူသော လေကို သတိထားမိသည်။ မောင်လူအေး၏လေနှင့် ကွဲပြားခြားနားသည်ကို ရိပ်စားမိခဲ့သည်။ တို့ဆရာကြီး၏ စကား “ဒါပေါ့လေ၊ အလုပ်ရှိတော့ သွားရတာပ”၊ “အရေးပိုင်စလေဒင်ဆီ ဝင်ကြတော့တာပ”၊ “ရေနံချောင်းဝန်ကြီးတို့လည်း ပြန်လာခဲ့ကြရတာပ” ဟူ၍ “ပ” ကို ၀ါကျနောက်လိုက် စကားလုံးတစ်လုံးအဖြစ် သုံးစွဲထားသည်ကို တွေ့ရသည်။ ထိုဓပဓသည် “မှန်(ပါ့)ဘုရား” “တင် (ပါ့)ဘုရား” တို့၏ အနွယ်အဆက် ရာဇဌာနီလေလော။ ဇနပဒလေလောဟူ၍တော့ ကျွန်တော် အကဲမဖြတ်တတ်။ သာမန်လော၊ အယဉ်လော ကျွန်တော်မသိ။

ကျွန်တော် သိသည်မှာ “ပ” ၏ အရေးဟန်မှာ “ပါ့” ဖြစ်သည်။ မျက်မှောက်ခေတ်၌ ကြိယာတို့၏ နောက်ဆက် စကားလုံးတစ်ခုအဖြစ် အသုံးပြုကြသည်။ ထိုအသုံးမျိုးကိုလည်း တို့ဆရာကြီး၏ အပြောများတွင် တွေ့ရပါသည်။ “သိချင်ရင် ပြောရတာပလေ”၊ “သတ်မယ်ပြောလို့ ထွက်ရတာပလေ” ဆိုသည့် အပြောများတွင် “ပြော” နှင့် “ထွက်” ကြိယာများကို ထောက်ပံ့ပေးနေသော “ရ” “တာ” တို့နှင့်အတူ “ပ” ကိုလည်း သုံးထားလေသည်။ “ပ”သည် စကားထောက် စကားလုံးတစ်လုံးလည်း ဖြစ်သည်။ တို့ဆရာကြီး၏ လေလည်းဖြစ်သည်။

တို့ဆရာကြီး၏ နောက်ထပ် လေတစ်မျိုးသည် ဤစာတမ်း မတိုင်ခင်ကကတည်းက ကျွန်တော် ရှာဖွေနေသော “က” ပင်ဖြစ်သည်။ “ဘိုးဘိုးက ကင်းဝန်မင်းကြီးရဲ့ တပည့်(က)ပဲ”။ “မင်းနှစ်ပါးဟာ အရင်ကတည်းက အဆက်ဖြစ်နေကြတာ(က)လား”။ “ကင်းဝန်မင်းကြီးက အင်မတန်ဉာဏ်ရှိတာ (က)လား”။ “လက်နက်တွေကို တစ်လုပ်တည်း လုပ်နေတာ(က)လား”။ ထိုလေသည် အထက်အညာတွင် အမှုထမ်းစဉ်က တွေ့ဆုံခဲ့သော ဦးလွန်းဆိုသူ၏ လေနှင့် တူလေသည်။ တို့ဆရာကြီးဆိုသူသည် မန္တလေးရွှေမြို့တော်ကြီး၏ အမှုတော်ကိုထမ်းခဲ့ရသော အဝေးရောက်မင်းလည်း ဖြစ်သည်။

ထိုပြောစကားများထဲမှ အညာလေ (က) သည် ကျွန်တော်၏ အမြင်တွင်မူ (ပါ)နှင့် တူမည် ထင်ပါသည်။ ထို့ကြောင့် (က) နေရာတွင် (ပါ) ဖြင့် အစားထိုးကြည့်မိပြန်သည်။ “ဘိုးဘိုးက ကင်းဝန်မင်းကြီးရဲ့ တပည့် (ပါ)ပဲ”။ “မင်းနှစ်ပါးဟာ အရင်ကတည်းက အဆက်ဖြစ်နေကြတာ(ပါ)လား”။ “ကင်းဝန်မင်းကြီးက အင်မတန် ဉာဏ်ရှိတာ(ပါ)လား”။ “လက်နက်တွေကို တစ်လုပ်တည်း လုပ်နေတာ(ပါ)လာ”ဟူ၍ ပြောနိုင်လိမ့်မည်ဖြစ် သည်။

Most Read

Most Recent