အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေးယာဉ် Perseverance မှ ရိုက်ယူထားသော အင်္ဂါဂြိုဟ် မြင်ကွင်းကျယ်ပုံကို အမေရိကန် အာကာသအေဂျင်စီ (နာဆာ) က ဖေဖော်ဝါရီ ၂၄ ရက်တွင် ထုတ်ဖော်ပြသခဲ့သည်။
အဆိုပါ မြင်ကွင်းကျယ် ဓာတ်ပုံတွင် ပြီးခဲ့သည့် သီတင်းပတ်က Perseverance လေ့လာရေးယာဉ် ဆင်းသက်ခဲ့သည့် Jezero ချိုင့်ဝှမ်း နှုတ်ခမ်းကို တွေ့မြင်ရပြီး ပုံထဲ၌ အတော်ဝေးသည့် တစ်နေရာတွင် ရှေးဟောင်း မြစ်ဝကျွန်းပေါ်၏ ချောက်ကမ်းပါးကိုလည်း တွေ့မြင်ရသည်။
Perseverance လေ့လာရေးယာဉ်၏ ကိုယ်ထည်ကို ၃၆၀ ဒီဂရီလှည့်လည်၍ ထိုဓာတ်ပုံကို ရိုက်ယူထားခြင်းဖြစ်ကာ ယာဉ်၏ ကိုယ်ထည်တွင် ရုပ်ထွက်ကြည်လင် ပြတ်သားသော ဗီဒီယိုနှင့် ဓာတ်ပုံများ ရိုက်ကူးနိုင်သည့် အကျယ်ချဲ့နိုင်သော ကင်မရာ နှစ်လုံး တပ်ဆင်ထားသည်။
မြင်ကွင်းကျယ်ပုံတွင် ဓာတ်ပုံပေါင်း ၁၄၂ ခုကို တွဲဆက်၍ အင်္ဂါဂြိုဟ်မြေထုကို ကျယ်ကျယ်ပြန့်ပြန့် မြင်ရစေရန် လုပ်ဆောင်ပေးထားခြင်းဖြစ်ကြောင်း နာဆာက ဆိုသည်။
“ကျွန်တော်တို့က တကယ့် နေရာကောင်းကို ရောက်ရှိနေတာပါ။ အဲဒီနေရာမှာ ကွဲပြားခြားနားတဲ့ အင်္ဂါရပ်တွေကို သင်တို့ မြင်တွေ့နိုင်တယ်။ ကွဲပြားခြားနားပေမယ့် Spirit ၊ Opportunity and Curiosity မစ်ရှင်ကနေ ရှာဖွေတွေ့ရှိခဲ့တဲ့ အင်္ဂါရပ်တွေနဲ့ နည်းလမ်းပေါင်းစုံ ကိုက်ညီမှုရှိနေတာကိုလည်း သင်တို့ မြင်တွေ့နိုင်ပါတယ်” ဟု Arizona State University တက္ကသိုလ်၏ ကမ္ဘာမြေနှင့် အာကာသ စူးစမ်းလေ့လာရေးကျောင်းမှ ဂျင်ဘဲလ် က ပြောကြားခဲ့သည်။
Spirit ၊ Opportunity and Curiosity မစ်ရှင်သည် ယခင်က လုပ်ဆောင်ခဲ့သော အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေး မစ်ရှင်ဖြစ်သည်။
Perseverance ယာဉ်၏ ကင်မရာများသည် အင်္ဂါဂြိုဟ် မြောက်ဘက် အီကွေတာရှိ Jezero ချိုင့်ဝှမ်း၏ ဘူမိဗေဒဆိုင်ရာ သမိုင်းကြောင်းနှင့် လေထုနှင့်သက်ဆိုင်သော အခြေအနေများကို သိပ္ပံပညာရှင်များ သိရှိစေရန် အကူအညီပေးခြင်း၊ ကျောက်တုံးများကို ခွဲခြားဖော်ထုတ်ခြင်း၊ အနီးကပ် စူးစမ်းလေ့လာခြင်းနှင့် ထိုက်တန်သော အသိပညာဗဟုသုတကို ရရှိစေခြင်းအပြင် အင်္ဂါဂြိုဟ်ပေါ်မှ စုဆောင်း ရယူထားသော အရာများကို နောက်ပိုင်းတွင် ကမ္ဘာမြေသို့ ပြန်လည်ယူဆောင်နိုင်ဖွယ် ရှိခြင်းတို့အား အကဲဖြတ်ချင့်တွက်ရာတွင် သိပ္ပံပညာရှင်များကို အကူအညီပေးလိမ့်မည် ဖြစ်ကြောင်း နာဆာက ထုတ်ပြန်ခဲ့သည်။
အင်္ဂါဂြိုဟ်ပေါ်မှ ဖမ်းယူထားသော အသံဖိုင်နှင့် Perseverance စူးစမ်းလေ့လာရေးယာဉ် အင်္ဂါဂြိုဟ်ပေါ်သို့ ဆင်းသက်မှု ဗီဒီယိုဖိုင်တို့ကို အမေရိကန် အာကာသအေဂျင်စီ နာဆာက ဖေဖော်ဝါရီ ၂၂ ရက်တွင် ထုတ်လွှင့်ခဲ့သည်။
Perseverance လေ့လာရေးယာဉ်မှ ဖမ်းယူထားသော အသံဖိုင်တွင် အင်္ဂါဂြိုဟ်ပေါ်မှ ၁၀ စက္ကန့်ကြာ လေတိုက်သံကို ကြားခဲ့ရသည်ဟု နာဆာမှ အင်ဂျင်နီယာများက ဆိုသည်။
အင်္ဂါဂြိုဟ်ပေါ်တွင် သက်ရှိများ နေထိုင်ခဲ့ခြင်း ရှိ၊ မရှိကို သိရှိရရန်အတွက် အထောက်အထားများ ရှာဖွေရေးမစ်ရှင်ကို ဆောင်ရွက်နေသော Perseverance ယာဉ်၏ ဝမ်းဗိုက်တွင် ဒရုန်းပုံစံ ရဟတ်ယာဉ် အသေးစား ပါရှိသည်။ နာဆာမှ မြန်မာအင်ဂျင်နီယာ ဒေါ်မီမီအောင် ဦးဆောင် တီထွင်ခဲ့သော ထိုရဟတ်ယာဉ်ကို အင်္ဂါဂြိုဟ်ပေါ်တွင် ပျံသန်းရန် စီစဉ်ထားသည်။














