ဥရောပသမဂ္ဂ၌ မြန်မာနှင့် ရုရှားကို ပိတ်ဆို့မှုများ ချမှတ်ရေးအတွက် သဘောတူညီမှု ရရှိ

ဥရောပသမဂ္ဂ၌ မြန်မာနှင့် ရုရှားကို ပိတ်ဆို့မှုများ ချမှတ်ရေးအတွက် သဘောတူညီမှု ရရှိ
Published 23 February 2021

ဥရောပသမဂ္ဂမှ နိုင်ငံခြားရေးဝန်ကြီးများအနေဖြင့် မြန်မာနိုင်ငံမှ အာဏာသိမ်းမှုအတွက် တာဝန်ရှိသူများကိုလည်းကောင်း၊ အတိုက်အခံခေါင်းဆောင် အလက်ဆေးနာဗာညီနှင့် သူ့ကို ထောက်ခံသူများအား နှိပ်ကွပ်ခဲ့ခြင်းအတွက် ရုရှားမှ တာဝန်ရှိသူများကိုလည်းကောင်း ပိတ်ဆို့မှုများ ချမှတ်ရေးအား ဖေဖော်ဝါရီ ၂၂ ရက်တွင် အတည်ပြုနိုင်ခဲ့ကြောင်း သိရသည်။

ရုရှားက ယင်းဆုံးဖြတ်ချက်ကို တရားဥပဒေနှင့်မညီသည့် စိတ်ပျက်ဖွယ်ရာဟု ပြောကြားခဲ့သော်လည်း အမေရိကန်က ယင်းကို ကြိုဆိုခဲ့သည်။

နိုင်ငံပေါင်း ၂၇ နိုင်ငံ ပါဝင်သည့် ဥရောပသမဂ္ဂမှ နိုင်ငံခြားရေးဝန်ကြီးများသည် ဘရက်ဆဲမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သည့်အပြင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်နှင့်လည်း Video-conferencing မှတစ်ဆင့် ဆွေးနွေးခဲ့သည်။

သို့သော် ယင်းဆွေးနွေးမှုတွင် ဒေသအမျိုးမျိုး၌ ဖြစ်ပေါ်ခဲ့သည့် ချိုးဖောက်မှုများစွာ ပါဝင်ပြီး ယင်းတို့အနက် အကြီးအကျယ် ဝေဖန်ခံရသည့် လွန်ခဲ့သောနှစ် ရွေးကောက်ပွဲများနှင့် ပတ်သက်၍ ပြိုင်ဘက်များကို နှိပ်ကွပ်ခဲ့သည့် ဗင်နီဇွဲလားအာဏာပိုင်များကိစ္စမှာ ထင်ရှားသည်။

နှိပ်ကွပ်မှုများအတွက် တာဝန်ရှိသူအသီးသီးကို ပစ်မှတ်ထားသည့် ဥရောပသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ ပိတ်ဆို့မှုမူဝါဒသစ်များကို ပထမဆုံး အသုံးပြုသွားမည်ဖြစ်ရာ အရင်းအနှီး ပိတ်ဆို့မှုများအပြင် ပိုင်ဆိုင်မှုကို ပိတ်ဆို့မှုများနှင့် ဗီဇာပိတ်ဆို့မှုများ ပါဝင်မည်ဖြစ်ကြောင်း သံတမန်များက ကြိုတင်ပြောကြားခဲ့သည်။

ယခုလအတွင်း အာဏာသိမ်းယူခဲ့ပြီး ဆန္ဒပြမှုများကို နှိမ်နင်းရာ၌ လူသေဆုံးမှုများ တိုးပွားလာမှုအတွက် မြန်မာတပ်မတော်ကို ပစ်မှတ်ထား အရေးယူမှုများ ဆောင်ရွက်ရန်လည်း ဥရောပသမဂ္ဂက အရှိန်မြှင့် လုပ်ဆောင်နေပုံရသည်။

ဆန္ဒပြသူနှစ်ဦး သေဆုံးခဲ့ပြီးနောက် ငြိမ်းချမ်းစွာဆန္ဒပြသူများအား အကြမ်းဖက်နှိမ်နင်းမှုကို နိုင်ငံခြားရေးရာနှင့် လုံခြုံရေးမူဝါဒဆိုင်ရာ ဥရောပသမဂ္ဂ၏ အဆင့်မြင့်ကိုယ်စားလှယ် ဂျိုဆက်ဘော်ရယ်က ရှုတ်ချခဲ့ပြီး ဥရောပသမဂ္ဂမှ နိုင်ငံခြားရေးဝန်ကြီးများသည် သင့်တော်သည့် ဆုံးဖြတ်ချက်များ ချမှတ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဥရောပသမဂ္ဂမှ နိုင်ငံခြားရေးဝန်ကြီးများသည် ဟောင်ကောင်ကို တရုတ်၏ နှိပ်ကွပ်မှုများကိုလည်း ဆွေးနွေးခဲ့ပြီး တရုတ်အစိုးရအနေဖြင့် တင်းကျပ်မှုများ ဆက်လက်ပြုလုပ်ပါက ဥရောပသမဂ္ဂက ၎င်းတို့၏တုံ့ပြန်မှုများကို လိုအပ်သလို မြှင့်တင်သွားရန် စဉ်းစားမည်ဖြစ်ကြောင်း သိရသည်။

ယခုလအတွင်းက ပြုလုပ်ခဲ့သည့် အာဏာသိမ်းမှုနှင့်ပတ်သက်၍ မြန်မာတပ်မတော်ကို ဖိအားပေးရန်သာမက ပိတ်ဆို့မှုများ ပြုလုပ်ရန်အတွက်လည်းကောင်း၊ ဖွံ့ဖြိုးရေး အကူအညီအချို့ကို ဆိုင်းငံ့ထားရန်အတွက် လည်းကောင်း၊ ဥရောပဝန်ကြီးများက သဘောတူညီခဲ့သည်။

“ အာဏာသိမ်းမှုအတွက် တာဝန်ရှိတဲ့ တပ်မတော်နဲ့ သူတို့ရဲ့ စီးပွားရေးအကျိုးစီးပွားအပေါ် ပစ်မှတ်ထားပြီး ပိတ်ဆို့မှုတွေ ချမှတ်ဖို့ နိုင်ငံရေးသဘောတူညီချက်ကို ကျွန်တော်တို့ ရယူနိုင်ခဲ့ပါတယ်” ဟု နိုင်ငံခြားရေးရာနှင့် လုံခြုံရေးမူဝါဒဆိုင်ရာ ဥရောပသမဂ္ဂ၏ အဆင့်မြင့်ကိုယ်စားလှယ် ဂျိုဆက်ဘော်ရယ်က ပြောကြားခဲ့သည်။

“ အစိုးရ ပြုပြင်ပြောင်းလဲရေး စီမံကိန်းတွေအတွက် ကျွန်တော်တို့ရဲ့ ဖွံ့ဖြိုးရေးစနစ်ကနေ ထောက်ပံ့ဖို့ တိုက်ရိုက် ဘဏ္ဍာရေး အကူအညီတွေအားလုံးကို ရပ်ဆိုင်းထားလိုက်ပါပြီ” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။