ဥပဒေမဲ့ဖမ်းဆီးခံထားရသည့် အစိုးရနှင့် လွှတ်တော်တာဝန်ရှိသူများ၊ ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူများကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန်နှင့် ပြည်သူ့ဆန္ဒအား အမြန်ဆုံး အကောင်အထည်ဖော်ရန် တိုင်းနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီ ၁၁ ခုက ဖေဖော်ဝါရီ ၂၀ ရက် တွင် ပူးတွဲသဘောထားထုတ်ပြန်ခဲ့သည်။
နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် အစိုးရနှင့် လွှတ်တော်တာဝန်ရှိသူများ၊ ရွေးကောက်ပွဲ ကော်မရှင် အဆင့်ဆင့်တာဝန်ရှိသူများ၊ ပါတီခေါင်းဆောင်များ၊ အရပ်ဘက် နိုင်ငံရေးခေါင်းဆောင်များ၊ ကျောင်းသားများ၊ တက်ကြွလှုပ်ရှားသူများ၊ CDM တွင် ပါဝင်သော ဝန်ထမ်းများ၊ မီဒီယာများနှင့် ပြည်သူများကို အမြန်ဆုံးပြန်လွှတ်ပေးရန် လွှတ်တော်ကိုယ်စားပြုကော်မတီများက တိုက်တွန်းသည်။
မြန်မာနိုင်ငံအနှံ့ အာဏာရှင်ဆန့်ကျင်ရေး အကြမ်းမဖက်လှုပ်ရှားမှုများတွင် နည်းလမ်းပေါင်းစုံဖြင့် ပါဝင်နေသည့် တိုင်းရင်းသားများ၊ ရဟန်းရှင်လူ၊ ကျောင်းသား၊ ပြည်သူများ၊ Generation Z လူငယ်များကို လေးစားဂုဏ်ပြုကျေးဇူးတင်ကြောင်း လွှတ်တော်ကိုယ်စားပြုကော်မတီများ၏ ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် CDM တွင် ပါဝင်ကြသော ပြည်သူ့ဝန်ထမ်းများအတွက် လိုအပ်သည့် အကူအညီများပေးခြင်း၊ မှတ်တမ်းတင်ဂုဏ်ပြုခြင်းနှင့် အားပေးချီးမြှင့်ခြင်းများကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံပြီး ကော်မတီနှင့်အတူ ဟန်ချက်ညီညီ ချိတ်ဆက်ဆောင်ရွက်သွားမည်ဟုလည်း ဖော်ပြပါရှိသည်။
ဖေဖော်ဝါရီ ၁ ရက်က တပ်မတော် အာဏာသိမ်းယူမှုအပေါ် အပြင်းအထန် ဆန့်ကျင်ကန့်ကွက်ကြောင်း ကြေညာချက်အသီးသီး ထုတ်ပြန်ထားပြီးဖြစ်ကာ လတ်တလော မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် ပကတိ နိုင်ငံရေးအခင်းအကျင်းနှင့် စပ်လျဉ်း၍ ယခုပူးတွဲသဘောထား ကြေညာချက်ထုတ်ပြန်ခြင်းဖြစ်သည်ဟု တိုင်းနှင့် ပြည်နယ် ၁၁ ခုမှ လွှတ်တော်ကိုယ်စားပြုကော်မတီများ၏ ကြေညာချက်က ဆိုသည်။
ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် တနင်္သာရီတိုင်းတို့မှ လွှတ်တော်ကိုယ်စားပြုကော်မတီများ ပူးတွဲ၍ ကြေညာချက်ထုတ်ပြန်ခြင်းဖြစ်သည်။
ဖေဖော်ဝါရီ ၁ ရက်မှစတင်၍ ဖမ်းဆီးထိန်းသိမ်းခံရသူများစာရင်းကို ပြုစုလျက်ရှိသည့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ထုတ်ပြန်ချက်အရ ဖမ်းဆီးခံရသူ ၅၀၀ ကျော်ရှိလာပြီး ထောင်ဒဏ်ချမှတ်ခြင်းခံရသူ လေးဦးရှိနေကြောင်း သိရသည်။