ဖေဖော်ဝါရီ ၁ ရက်မှစ၍ ဖမ်းဆီး၊ တရားစွဲ၊ ပြစ်ဒဏ်ချမှတ်ခံရသူ ၆၀၀ နီးပါးရှိလာဟု AAPP ထုတ်ပြန်

ဖေဖော်ဝါရီ ၁ ရက်မှစ၍ ဖမ်းဆီး၊ တရားစွဲ၊ ပြစ်ဒဏ်ချမှတ်ခံရသူ ၆၀၀ နီးပါးရှိလာဟု AAPP ထုတ်ပြန်
Published 21 February 2021

ဖေဖော်ဝါရီ ၁ ရက်မှ ၂၀ ရက်အထိ ဖမ်းဆီး၊ တရားစွဲ၊ ပြစ်ဒဏ်ချမှတ်ခံရသူ ၅၆၉ ဦး ရှိလာကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ခဲ့သည်။

၎င်းတို့အနက် ထောင်ဒဏ်ချမှတ်ခံရသူ လေးဦး၊ ဖမ်းဝရမ်းနှင့် အမှုဖွင့်ခြင်းခံရသူ ၃၃ ဦး၊ အမှုဖွင့်ခြင်းခံရသူ သုံးဦးနှင့် ပြန်လည်လွတ်မြောက်သူ ၄၆ ဦးရှိရာ လက်ရှိအထိ ၅၂၃ ဦး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခံထားရကြောင်း AAPP က ဆိုသည်။

ယခုကဲ့သို့ ဖမ်းဆီး အရေးယူနေမှုများက အဖြေမဟုတ်ဘဲ အများပြည်သူတောင်းဆိုချက်များကို အမြန်ဆုံး လိုက်လျော အကောင်အထည်ဖော်သင့်ကြောင်း AAPP ရန်ကုန်ရုံး တာဝန်ခံ ဦးအောင်မျိုးကျော်က ပြောကြားသည်။

“ ဒီလူငယ်မျိုးဆက်သစ်တွေရဲ့ အနာဂတ် နောက်မျိုးဆက်တွေရဲ့ အနာဂတ်ကို ရှေးရှုပြီးတော့  ပြည်သူတွေ တောင်းဆိုနေတဲ့ တောင်းဆိုချက်တွေကို အမြန်ဆုံး လေးစားလိုက်နာပြီးတော့ အကောင်အထည်ဖော် ဆောင်ရွက်ပေးဖို့ တောင်းဆိုပါတယ်” ဟု ၎င်းက ပြောကြားသည်။

တပ်မတော် အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်းနှင့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် ဖမ်းဆီးခံရသူများ ပြန်လည်လွတ်မြောက်ရေး ဆန္ဒထုတ်ဖော်ပွဲများကို ဖေဖော်ဝါရီ ၆ ရက်မှစ၍ နိုင်ငံတစ်ဝန်းတွင် ပုံသဏ္ဌာန်မျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။

ထိုသို့ ဆန္ဒထုတ်ဖော်ပွဲများအနက် ရန်ကုန်တိုင်းဒေသကြီးမှအပ မန္တလေး၊ မြစ်ကြီးနားနှင့် အခြားဒေသအချို့ရှိ လူထုလှုပ်ရှားမှုများကို အာဏာပိုင်များက အကြမ်းဖက်ဖြိုခွဲမှုများပြုလုပ်ခဲ့၍ သေဆုံး၊ ဒဏ်ရာရသူများ ရှိခဲ့သည်။

AAPP ၏ ထုတ်ပြန်ချက်တွင် ဖေဖော်ဝါရီ ၂၀ ရက်က မန္တလေးမြို့ မဟာအောင် မြေမြို့နယ် ကမ်းနားလမ်း  ရတနာပုံသင်္ဘောကျင်းအနီး ကန့်ကွက်ဆန္ဒပြသူများကို ပစ်ခတ်ဖြိုခွဲသည့်ဖြစ်စဉ်ကို ထည့်သွင်းဖော်ပြကာ အဆိုပါ ဖြစ်စဉ်ကြောင့် အရပ်သားနှစ်ဦး သေဆုံးပြီး ၁၇ ဦး အရေးပေါ်အခြေအနေ ရင်ဆိုင်နေရကာ ၃၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။

ထိုသို့ အင်အားသုံးဖြိုခွဲမှုသည် ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၃ တွင် မည်သူ့ကိုမျှ တည်ဆဲဥပဒေနှင့်အညီမှတစ်ပါး အသက်ကိုဖြစ်စေ၊  ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုကိုဖြစ်စေ နစ်နာဆုံးရှုံးမှု မရှိစေရဟု ပြဋ္ဌာန်းထားသည်ဟု AAPP က ဆိုသည်။

ထို့ပြင် ကမ္ဘာ့ကုလသမဂ္ဂ၏ အင်အား အသုံးပြုခြင်း၊ လက်နက်အသုံးပြုခြင်းတို့နှင့် ပတ်သက်၍ တရားဥပဒေ စိုးမိုးရေးဆောင်ရွက်နေရသည့် အာဏာပိုင်များ လိုက်နာရမည့် အခြေခံမူများ အပိုဒ် ၅ (ခ) တွင် ရဲတပ်ဖွဲ့ဝင်များသည် ဒဏ်ရာရရှိမှုနှင့် ပျက်စီးဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင် ဆောင်ရွက်ရမည်ဖြစ်ပြီး လူ့အသက်ကို တန်ဖိုးထားရမည်ဟု ဖော်ပြထားကာ ယင်းသို့ လူ့အခွင့်အရေး စံနှုန်း၊ ဒီမိုကရေစီစံနှုန်းများကို လေးစား လိုက်နာမှုမရှိဘဲ အကြမ်းဖက်ဖြိုခွဲခြင်းကို ပြင်းထန်စွာရှုတ်ချကြောင်း AAPP က ထုတ်ပြန်သည်။ 

နိုင်ငံတစ်ဝန်းတွင် တပ်မတော်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ပွဲများ ဆက်လက်ပြုလုပ်လျက်ရှိသလို တစ်ဖက်တွင်လည်း လှုပ်ရှားမှုအသီးသီးတွင် ပါဝင်နေသည့် ခေါင်းဆောင်များ၊ အနုပညာရှင်များနှင့် တက်ကြွသူအချို့ကို နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် တရားစွဲဆိုဖမ်းဆီးမှုများ ရှိနေသည်။