မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင်သူသည် တိိုယိုတာထိုင်းလိဂ်-၁ အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁၇)အဖြစ် စနေနေ့က ရတ်ချာဘူရီအသင်းနှင့်ယှဉ်ပြိုင်ကစားခဲ့သည့်ပွဲတွင် ဘူရီရမ်အသင်းအတွက် ဂိုးစတင်သွင်းယူပေးနိုင်ခဲ့သည်။
အောင်သူသည် ယင်းပွဲတွင် ပွဲထွက်ကစားခွင့်ရခဲ့ပြီး (၃-၀) ဂိုးဖြင့် အနိုင်ရရှိရာ၌ ဒုတိယမြောက်ဂိုးကို (၆၅) မိနစ်တွင် သွင်းယူခဲ့ခြင်းဖြစ်သည်။
သို့ဖြစ်ရာ အောင်သူက ယခုကဲ့သို့ ဂိုးသွင်းယူနိုင်ခဲ့ခြင်းအတွက် မိမိကိုယ်ကို ဂုဏ်ယူကြောင်းနှင့် ပရိသတ်များကို ကျေးဇူးတင်ကြောင်း ပွဲအပြီးတွင် ပြောကြားခဲ့သည်။
''ဘူရီရမ်အတွက် ပထမဦးဆုံး ပွဲထွက်ကစားခွင့်ရခဲ့တဲ့အပေါ်မှာ ဝမ်းသာမိပါတယ်။ ပထမဦးဆုံး ပွဲထွက်ကစားခွင့်ရတဲ့ပွဲမှာပဲ ဂိုးသွင်းယူနိုင်ခဲ့တဲ့အတွက်လည်း ဝမ်းသာမိသလို၊ ဂုဏ်လည်းဂုဏ်ယူမိပါတယ်။ ရှေ့လျှောက်လည်း ဒီထက်ပိုပြီးကြိုးစားသွားမှာပါ။ ဘူရီရမ်အသင်းရဲ့ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ ထိုင်းမှာရှိတဲ့ ပရိသတ်တွေကိုရော မြန်မာပြည်မှာရှိတဲ့ ပရိသတ်တွေကိုပါ ကျေးဇူးတင်ပါတယ်''ဟု အောင်သူက ပွဲအပြီးတွင် မီဒီယာများအား ပြောကြားခဲ့သည်။

ယင်းဂိုးမှာ အောင်သူအတွက် ဘူရီရမ်ကစားသမားဘဝ ပထမဆုံးသွင်းဂိုးဖြစ်သည်။
အောင်သူသည် ပြီးခဲ့သည့်ဒီဇင်ဘာက ထိုင်းလိဂ်ရာသီဝက်အပြောင်းအရွှေ့ကာလတွင် ရတနာပုံအသင်းမှ ဘူရီရမ်အသင်းသို့ ပြောင်းရွှေ့ကြေး ဒေါ်လာ (၅၀၀၀၀) ဖြင့် ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။















