ရီးယဲလ်အသင်း၏ လူစာရင်းစျေးကွက်တန်ဖိုးကျဆင်းခဲ့ပြီး စျေးကွက်အမြင့်ဆုံးကစားသမား(၂၅)ဦးစာရင်းတွင်လည်း ပထမဆုံးအကြိမ်အဖြစ် တစ်ဦးမျှမပါဝင်ခဲ့

ရီးယဲလ်အသင်း၏ လူစာရင်းစျေးကွက်တန်ဖိုးကျဆင်းခဲ့ပြီး စျေးကွက်အမြင့်ဆုံးကစားသမား(၂၅)ဦးစာရင်းတွင်လည်း ပထမဆုံးအကြိမ်အဖြစ် တစ်ဦးမျှမပါဝင်ခဲ့
Photo: Marca
Photo: Marca
Published 8 February 2021

နာမည်ကျော်အားကစားစျေးကွက် ဝက်ဘ်ဆိုက်တစ်ခုဖြစ်သော Transfermarkt မှ ၂၀၂၁ ခုနှစ်အတွက်ထုတ်ပြန်ခဲ့သော ကစားသမားစျေးကွက်တန်ကြေး အမြင့်ဆုံးအသင်းများစာရင်းတွင် စပိန်ထိပ်သီးကလပ် ရီးယဲလ်အသင်းသည် အသင်းလိုက်စျေးကွက်တန်ကြေးကျဆင်းခဲ့သလို၊ စျေးကွက်တန်ဖိုးအမြင့်ဆုံးကစားသမား (၂၅)ဦးစာရင်းတွင်လည်း ပထမဆုံးအကြိမ်အဖြစ် ရီးယဲလ်အသင်းမှ တစ်ဦးမှမပါဝင်ခဲ့ကြောင်းသိရသည်။

Transfermarkt သည် ကစားသမားများ၏တန်ကြေးကို တွက်ချက်ရာတွင် အသက်အရွယ်၊ စာချုပ်သက်တမ်း၊ စာချုပ်ဖျက်သိမ်းကြေးတန်ဖိုး၊ ကစားသမား၏စျေးကွက်တန်ဖိုး စသည့်အချက်များကို အခြေခံတွက်ချက်ခြင်း ဖြစ်ပြီး ရီးယဲလ်အသင်း၏ စီနီယာကစားသမားအများစုမှာ အသက် (၃၀)ကျော်ကစားသမားများဖြစ်သလို၊ စာချုပ်သက်တမ်းကုန်ဆုံးခါနီး ကစားသမားများ များပြားနေခြင်းကြောင့် ယခုကဲ့သို့ အသင်းလိုက်စျေးကွက်တန်ဖိုးကျဆင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Transfermarkt မှ ထုတ်ပြန်သည့် ကစားသမားစျေးကွက်တန်ဖိုး အမြင့်ဆုံးအသင်းစာရင်းတွင် ပရီးမီးယားလိဂ်ကလပ် လီဗာပူးလ်အသင်းက ယူရို (၁.၁၁)ဘီလီယံဖြင့် ထိပ်ဆုံးတွင် ရပ်တည်ခဲ့ပြီး၊ ဒုတိယနေရာတွင်လည်း ပရီးမီးယားလိဂ်ကလပ်အသင်းပင်ဖြစ်သည့် မန်စီးတီးအသင်းက ယူရို (၁.၀၆) ဘီလီယံဖြင့် ရပ်တည်ခဲ့သည်။

ယခုစာရင်းတွင် စျေးကွက်တန်ကြေး ယူရို(၁)ဘီလီယံအထက်ကို ကျော်လွန်အသင်းသည့်မှာ ယင်း(၂)သင်းသာရှိခဲ့ပြီး တတိယနေရာတွင် ဂျာမန်ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်က ယူရို (၈၉၃)သန်းဖြင့် ရပ်တည်ခဲ့သည်။

ရီးယဲလ်အသင်းမှာမူ စျေးကွက်တန်ကြေး ယူရို (၇၄၂)သန်းဖြင့် အဆင့် (၉)နေ ရာတွင်သာ ရပ်တည်နိုင်ခဲ့ပြီး ယင်းမှာ Transfermarkt မှထုတ်ပြန်သည့် သက်တမ်းတစ်လျှောက် အသင်း၏အနိမ့်ဆုံးရပ်တည်မှုလည်း ဖြစ်ခဲ့သည်။

ယခုစာရင်း၏ထိပ်ဆုံး (၁၀)သင်းတွင် ပရီးမီးယားလိဂ်မှ (၅)သင်း (လီဗာပူးလ်၊ မန်စီးတီး၊ ချယ်လ်ဆီး၊ မန်ယူ၊ စပါး)အထိ ပါဝင်ခဲ့ပြီး အများဆုံးဖြစ်ခဲ့သလို၊ ရီးယဲလ်အသင်း၏ ပြိုင်ဘက် (၂)သင်းဖြစ်သည့် ဘာစီလိုနာ (ယူရို ၈၀၇ သန်း)နှင့် အက်သလက်တီကို (ယူရို ၇၆၉ သန်း)တို့မှာမူ အဆင့် (၅)နှင့် (၇) နေရာများတွင် ရပ်တည်ခဲ့သည်။

ထို့ပြင် စျေးကွက်တန်ဖိုးအမြင့်ဆုံးကစားသမားစာရင်း၏ ထိပ်ဆုံး (၂၅)ဦးတွင်လည်း ပထမဆုံးအကြိမ်အဖြစ် ရီးယဲလ်အသင်းမှ တစ်ဦးမျှ မပါဝင်ခဲ့ဘဲ အမြင့်ဆုံးရပ်တည်နိုင်သူမှာ ဂိုးသမား ကော်တိုအာ (ယူရို ၇၅ သန်း)ဖြစ်ပြီး အဆင့် (၂၇)တွင် ရပ်တည်ခဲ့သည်။

ထို့ပြင် လူငယ်ကွင်းလယ်လူ ဗယ်လ်ဗာဒီမှာလည်း စျေးကွက်တန်ကြေး ယူရိုသန်း (၇၀)ဖြင့် ယခုစာရင်း၏ အဆင့် (၃၁)နေရာတွင် ရပ်တည်ခဲ့သည်။

Transfermarkt မှထုတ်ပြန်သည့် လက်ရှိစျေးကွက်တန်ကြေးအမြင့်ဆုံးကစားသမားအဖြစ် PSG အသင်း၏ ပြင်သစ်တိုက်စစ်မှူး ဘာပေက ယူရို သန်း (၁၈၀)ဖြင့် ထိပ်ဆုံးတွင်ရပ်တည်ခဲ့ပြီး ၎င်း၏နောက်တွင် နေမာ၊ မာနေ၊ ဆာလာနှင့် ဟာရီကိန်းတို့က အစဉ်လိုက်ရပ်တည်ခဲ့သည်။

Most Read

Most Recent