တပ်မတော်က အာဏာရယူမှုအပေါ် ဆန့်ကျင်ကြောင်းနှင့် CDM တွင် ပါဝင်သွားမည်ဖြစ်ကြောင်း ဦးသန်းတိုးအောင် ရေးသားဖော်ပြ

တပ်မတော်က အာဏာရယူမှုအပေါ် ဆန့်ကျင်ကြောင်းနှင့် CDM တွင် ပါဝင်သွားမည်ဖြစ်ကြောင်း ဦးသန်းတိုးအောင် ရေးသားဖော်ပြ
Photo: MFF
Photo: MFF
Published 8 February 2021

မြန်မာ့ဘောလုံးငွေခေတ်၏လက်ရွေးစင်ဘောလုုံးသမားဟောင်းဖြစ်သူ ဦးသန်းတိုးအောင်သည် တပ်မတော်က အာဏာရယူမှုအပေါ် ဆန့်ကျင်ကြောင်းနှင့် Civil Disobedience Movement တွင် ပါဝင်သွားမည်ဖြစ်ကြောင်း ၎င်း၏ လူမှုကွန်ရက်၌ ရေးသားဖော်ပြခဲ့သည်။

ဦးသန်းတိုးအောင်သည် လက်ရှိတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)၏နည်းစနစ်ကော်မတီတွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသလို ဆောက်လုပ်ရေးဝန်ကြီးဌာနတွင်လည်း ဒုတိယအမြဲတမ်းအတွင်းဝန်ရာထူးဖြင့် တာဝန်ထမ်းဆောင်နေကြောင်းသိရသည်။

ဦးသန်းတိုးအောင်က ''ကျွန်တော်သည် ယခုလက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော စစ်အာဏာရှင်၏ အတင်းအဓ္ဓမ အာဏာသိမ်းယူခြင်းနှင့် လက်ရှိတည်ဆဲအစိုးရကို ထိန်းချုပ်ပြီး ဥပဒေနည်းလမ်းမကျ အစိုးရအဖွဲ့သစ် ဖွဲ့စည်းနေခြင်းကို ကန့်ကွက်ပါသည်။ထို့ကြောင့် ဦးသန်းတိုးအောင်သည် Civil Disobedience Movement တွင် ပါဝင်သွားပါမည်။ Civil Disobedience Campaign ကို တက်ကြွစွာဆောင်ရွက်နေသော ပြည်သူ့ဝန်ထမ်းများကို လေးစားဂုဏ်ပြုပြီး အတူတကွ ရပ်တည်သွားပါမည်။အခြားသော ပြည်သူ့ဝန်ထမ်းများအားလည်း ဤ Civil Disobedience Movement တွင် ပါဝင်ခြင်းဖြင့် စစ်အာဏာရှင်ယန္တရား ရပ်တန့်ရေးတွင် ပါဝင်အားဖြည့်ပေးပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်'' ဟု ၎င်း၏ လူမှုကွန်ရက်၌ ရေးသားဖော်ပြခဲ့သည်။

ဦးသန်းတိုးအောင်သည် ၁၉၉၃ ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ငွေတံဆိပ်ဆုရရှိခဲ့သည့် မြန်မာ့လက်ရွေးစင်အသင်း၌ ပါဝင်ခဲ့သူတစ်ဦးဖြစ်ပြီး နိုင်ငံဂုဏ်ဆောင် မြန်မာ့လက်ရွေးစင်အသင်းအတွက် နိုင်ငံတကာပွဲပေါင်းများစွာ ကစားပေးခဲ့သူတစ်ဦးဖြစ်သည်။

ဦးသန်းတိုုးအောင်သည် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)၏နည်းစနစ်ကော်မတီတွင် ဥက္ကဋ္ဌအဖြစ် ၂၀၁၉ ခုနှစ်မတ်လမှစ၍ လက်ရှိအချိန်အထိ တာဝန်ထမ်းဆောင်နေသူလည်းဖြစ်သည်။

ထို့ပြင် ဆောက်လုပ်ရေးဝန်ကြီးဌာနတွင် အင်ဂျင်နီယာချုပ်(မြို့ပြ)ရာထူးမှ ၂၀၂ဝခုနှစ် အောက်တိုဘာတွင် ဒုတိယအမြဲတမ်းအတွင်းဝန်ရာထူးသို့ တိုးမြှင့်ခြင်းခံထားရသူလည်းဖြစ်သည်။

ဦးသန်းတိုးအောင်သည် လက်ရှိအချိန်အထိ ဆောက်လုပ်ရေးဝန်ကြီးဌာနတွင် ဒုတိယအမြဲတမ်းအတွင်းဝန်ရာထူးဖြင့် တာဝန်ထမ်းဆောင်လျက်ရှိကြောင်းသိရသည်။