လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က မိမိကိုင်တွယ်နည်းပြခဲ့သည့် အကောင်းဆုံးကစားသမားများထဲတွင် မန်စီးတီးကွင်းလယ်လူ ဂွန်ဒိုဂန် ပါဝင်ကြောင်း ပြောကြားခဲ့သည်။
ကလော့ပ်နှင့် ဂွန်ဒိုဂန်တို့သည် ဒေါ့မွန်အသင်းတွင် ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ လက်တွဲခဲ့သူများဖြစ်ပြီး ဂွန်ဒိုဂန်သည် ကလော့ပ်၏လက်အောက်တွင် နာမည်ရလာသူလည်းဖြစ်သည်။
လီဗာပူးလ်နှင့် မန်စီးတီးအသင်းတို့၏ ဖေဖော်ဝါရီ (၇)ရက်(တနင်္ဂနွေနေ့)တွင် အန်ဖီးလ်ကွင်း၌ တွေ့ဆုံမည်ဖြစ်ပြီး အဆိုပါပွဲစဉ်မတိုင်မီ လီဗာပူးလ်နည်းပြ ကလော့ပ်က ဂွန်ဒိုဂန်ကို ချီးကျူးခဲ့ခြင်းဖြစ်သည်။
ကလော့ပ်က "ကျွန်တော် ကိုင်တွယ်ခဲ့တဲ့ အကောင်းဆုံးကစားသမားတွေထဲမှာ ဂွန်ဒိုဂန်ကလည်း တစ်ဦးအပါအဝင်ပါပဲ။ ၂၀၁၂ တုန်းက သူဟာ မယုံကြည်နိုင်လောက်စရာ ကောင်းလောက်အောင် ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူ့အနေနဲ့ ဒဏ်ရာပြဿနာတွေကြောင့် ရုန်းကန်ခဲ့ရပါတယ်။ လက်ရှိ သူ ခြေစွမ်းပြနေတာကို ကျွန်တော် မအံ့သြမိပါဘူး"ဟု ပြောကြားခဲ့သည်။
အသက် (၃၀) အရွယ်ရှိ ဂျာမန်ကွင်းလယ်လူ ဂွန်ဒိုဂန်သည် ယခုရာသီတွင် မန်စီးတီးအသင်းအတွက် ခြေစွမ်းပြကစားနေပြီး ပရီးမီးယားလိဂ် (၁၆)ပွဲတွင် (၇)ဂိုးသွင်းယူထားသည်။