မြန်မာ-တရုတ် ကုန်သွယ်မှုဂိတ်များ ပြန်လည်ဖွင့်လှစ်ပြီးနောက် မူဆယ် ၁၀၅ မိုင် ကုန်သွယ်မှု မရပ်တန့်စေရန် ကိုဗစ်ကာလ စည်းကမ်းချက်များနှင့်အညီ လုပ်ဆောင်နေ

မြန်မာ-တရုတ် ကုန်သွယ်မှုဂိတ်များ ပြန်လည်ဖွင့်လှစ်ပြီးနောက် မူဆယ် ၁၀၅ မိုင် ကုန်သွယ်မှု မရပ်တန့်စေရန် ကိုဗစ်ကာလ စည်းကမ်းချက်များနှင့်အညီ လုပ်ဆောင်နေ
Published 3 February 2021
ပြည့်စုံ (မူဆယ်)

မြန်မာ-တရုတ် နှစ်နိုင်ငံအဓိက ကုန်သွယ်မှုပြုလုပ်ရာ မူဆယ် ၁၀၅ မိုင် ကုန်သွယ်မှုဇုန်၌ ကုန်သွယ်မှု မရပ်တန့်‌စေရန် ကိုဗစ်ကာလ စည်းကမ်းချက်များနှင့်အညီ လုပ်ဆောင်နေကာ သက်ဆိုင်ရာ ခရိုင်အုပ်ချုပ်ရေးမှူး မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး မြန်မာ-တရုတ် ကုန်သွယ်မှုဂိတ်များ ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

“လက်ရှိ COVID-19 ကာလမှာ မြန်မာ-တရုတ် ကုန်သွယ်မှု ရပ်တန့်နှောင့်နှေး ကြန့်ကြာမှု မရှိစေရန်အတွက် ကျွန်တော်တို့က ကိုဗစ်ကာလ စည်းကမ်းချက်များနှင့်အညီ လုပ်ဆောင်နေပြီး သက်ဆိုင်ရာ ခရိုင်အုပ်ချုပ်ရေးမှူး မြို့နယ်အုပ်ချုပ်ရေးမှုများနှင့် ညှိနှိုင်းဆောင်ရွက်ပြီး ကုန်သွယ်မှု ရပ်တန့်မှု မရှိအောင် လုပ်နေပါတယ်” ဟု မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန် တာဝန်ခံ ညွန်ကြားရေးမှူး ဦးမင်းအောင်အေးက ဆိုသည်။

သမ္မတရုံး၏ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် အမှတ် ၁/၂၀၂၁ ဖြင့် နိုင်ငံတော်အား အရေးပေါ် အခြေအနေ ကြေညာကြောင်း ဖေဖော်ဝါရီ ၁ ရက်နံနက် ၈ နာရီ အချိန်ကျော်ခန့်တွင် မြဝတီရုပ်မြင်သံကြား မှတစ်ဆင့် ကြေညာခဲ့အပြီး မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဂိတ်များနှင့် မူဆယ်မြို့အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်း မြို့နယ်များ သွားလာမှု ပိတ်ပင်တားဆီးခဲ့အပြီး တစ်ရက်အကြာ ဖေဖော်ဝါရီ ၂ ရက် နံနက် ၉ နာရီခန့်မှစ၍ မူဆယ်မြို့ အပါအဝင် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ မြို့နယ် ကျေးရွာများအား သွားလာမှုကို ပြန်လည်ခွင့်ပြုခဲ့သည်။

မူဆယ်မြို့၌ မြို့ဝင်မြို့ထွက် ဖြတ်သန်း သွားလာမှုကို ဖေဖော်ဝါရီ ၂ရက် နံနက် ၁၀ နာရီမှ စတင်ဖွင့်လှစ် ပေးခဲ့ပြီး မြန်မာတရုတ် နှစ်နိုင်ငံနယ်စပ် စစ်ဆေးရေး ဂိတ်များဖြစ်သည့် မန်းဝန်းဂိတ် ကျင်စန်းကျော့ဂိတ်တို့၌ ကုန်တင်ယာဉ်အဝင် အထွက်များကို နံနက် ၁၀ နာရီခွဲ၌ ပြန်လည် ဖွင့်လှစ်ပေးခဲ့ပြီး နံနက် ၁၀ နာရီ ၃၇ မိနစ် တွင် စတင်ဖြတ်သန်း သွားလာခဲ့သည်။

COVID-19 ကပ်ရောဂါ ကာလအတွင်း နှစ်နိုင်ငံကုန်သွယ်မှု လျင်မြန်ချောမွေ့ စေရေးအတွက် လုပ်ဆောင်ခဲ့သော်လည်း တရုတ်နိုင်ငံ၏ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ တရုတ်နိုင်ငံတွင်းသို့ တင်ပို့သည့် ပို့ကုန်ယာဉ်များကို တရုတ်နိုင်ငံက ပိုမိုတင်း ကြပ်စစ်ဆေးခြင်း၊ ဆေးဖျန်းခြင်း၊ယာဉ်မောင်း အစားထိုးဝင်ရောက်ခြင်းတို့ကြောင့် ကုန် သွယ်မှုမှာကြန့်ကြာနှောင့်နှေးခဲ့ရပြီး ကုန တင် ယာဉ်အစီးရေ ထက်ဝက်ကျော် ဝင်ထွက်မှု ကျဆင်းခဲ့ရ‌ကြောင်း သိရသည်။

“ကိုဗစ်ကာလ တရုတ်နိုင်ငံကို တင်ပို့တဲ့ အခါမှာ တရုတ်နိုင်ငံ၏ စည်းကမ်းချက်တွေအရ ကျွန်တော်တို့ ပို့ကုန်တင်ပို့ယာဉ်တွေကို ဆေးဖျန်းတယ်။ ပြီးတော့မှ ကျွန်တော်တို့ ယာဉ်မောင်းတွေ အချိန်အပြောင်း လုပ်ရတယ်။ ပြီးတော့မှ တန်စီးပြီး ဝင်ရတဲ့အတွက် ယာဉ်အစီးရေ ဝင်ရောက်မှုတော့ လျော့နည်းတယ်။ ယခင်က မန့်ဝန်းဂိတ်က အစီးရေ အနည်းဆုံး ၄၀၀ လောက်ဝင်ရတယ်။ အခုကျတော့ ကျွန်တော်တို့ ၁၅၀၊ ၂၀၀ လောက်ပဲ ဝင်ရတယ်။ ကုန်ကားအစီးရေ တရုတ်နိုင်ငံ ဝင်ရောက်မှု လျော့တာပေါ့။ ဒါတောင်မှ ကျွန်တော်တို့က ကျင်စန်းကျော့ဂိတ်ပေါက် ဖွင့်ထားလို့ ပိုပြီးတော့ပို့နိုင်တာ။ ကျွန်တော်ရဲ့ ကုန်သွယ်ရေးဇုန် ကားကွင်းကို တစ်နေ့တစ်နေ့ ပို့ကုန်ကားအစီးရေ မန္တလေးက တက်လာတာ အနည်းဆုံး ၆၀၀၊ ၇၀၀ လောက်ရှိတယ်။ အသီးကားက ၃၀၀ ဝန်းကျင် လောက်ရှိပြီး ကျန်တဲ့ကုန်စုံတွေက ၃၀၀ ဝန်းကျင်လောက် ရှိပါတယ်။ အသီးကား အားလုံးကိုတော့ ကျင်ဆန်းကျော့ဂိတ်ကဝင်ပြီး ကျန်တဲ့ ၃၀၀ အ မယ်စုံကုန်တွေကိုတော့ မန်းဝန်းဂိတ်က ပို့တာရှိပါတယ်။ အဲဒီတော့ မန်းဝန်းဂိတ်ကို တစ်နေ့ တစ်နေ့သွားတဲ့ အစီးရေက ၁၀၀ ကျော်စီ ဖြစ်တဲ့အတွက် ကျွန်တော် ကုန်သွယ်ရေးဇုန် ဝန်းထဲနှင့် ၁၀၅ မိုင်မူဆယ်ကြားမှာတော့ ပို့ ကုန်ကားအစီးရေ အနည်းငယ် တန်းစီလျက် ရှိပါတယ်” ဟု မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန် တာဝန်ခံ ညွန်ကြားရေးမှူး ဦးမင်းအောင်အေးက ပြောကြားသည်။

၎င်းကဆက်လက် ပြောကြားရာမှာ “ယခင် ပြီးခဲ့တဲ့ ၅ ရက် တစ်လကနေ ၁၄ ရက် တစ်လအထိ ၂၄ နာရီ မန်းဝန်းဂိတ်ကို ဖွင့်တုန်းကတော့ အရင်လနဲ့ချီတဲ့ ပို့ကုန်ကား အစီးအရေက အကုန်လုံး တရုတ်နိုင်ငံဘက်ကို ရောက်သွားပါပြီ။ အခု မန္တလေးကနေပြီးတော့မှ မူဆယ်ကို ပို့ကုန်တင်ပို့မှု လာမယ်ဆိုရင် ၁၀၅ မိုင်မတိုင်ခင် တန်းစီစရာ မလိုတော့ပါဘူး။ ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ဝင်း အတွင်းကို ဝင်ရောက်လို့ရပါတယ်။ ၁၀၅ မိုင်ကနေ ကုန်စည်စိစစ်ပြီးတာနဲ့ ၁၀၅ မိုင်နဲ့ မန့်ဝန်းကြားမှာတော့ အနည်းဆုံး သုံးရက်လောက်တော့ တန်းစီရပါတယ်။ ယခင်ထက်စာရင် ပို့ကုန်ကားတွေရဲ့ တန်းစီရတဲ့ အနေအထားက လျော့နည်းသွားပါပြီ။ ဒါ‌ပေမဲ့ တရုတ်နိုင်ငံ၏ COVID-19 စည်းကမ်းချက်များကြောင့် ကျွန်တော်တို့ရဲ့ ပို့ကုန်ကားအစီးရေ အနည်းငယ်ကတော့ တန်းစီပြီး စောင့်ဆိုင်းနေရတဲ့ အနေအထားကတော့ ရှိပါတယ်” ဟု မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန် တာဝန်ခံ ညွန်ကြားရေးမှူး ဦးမင်းအောင်အေးက ပြောကြားသည်။

မူဆယ်နယ်စပ် ၁၀၅ မိုင်ကုန်သွယ်‌ရေးဇုန်၌ တရုတ်နိုင်ငံ၏ ကိုဗစ်စည်းကမ်းများအရ ဖြည်းဖြည်းချင်း တင်ပို့နေရခြင်း တို့‌ကြောင့် ၂၀၁၉ -၂၀၂၀ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ၉၇ ရာခိုင်နှုန်း ကုန်သွယ်မှု ပြုလုပ်နိုင်ခဲ့ကာ အမေရိကန်ဒေါ်လာ ၄ ဒသမ ၈ သန်းကျော် ကုန်သွယ်မှု ပြုလုပ်နိုင်ခဲ့ပြီး ယခုနှစ် ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာနှစ် လေးလတာ ကာလအတွင်း ၉၈ ရာခိုင်နှုန်း ကုန်သွယ်မှု ပြုလုပ်နိုင်ခဲ့ကာ အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကျော် ကုန်သွယ်မှု ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။

“ကျွန်တော့်စခန်းရဲ့ ရည်မှန်းချက်ကတော့ တစ်လကို ကုန်သွယ်မှုပမာဏ သန်း ၄၀၀ လောက်တော့ လုပ်နိုင်ပါတယ်။ တစ်နေ့ကို ၁၅ သန်းလောက်ရရမှာပေါ့။ ဒါပေမဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီလကတော့ သန်း ၄၇၀ ခန့် မှန်းထားတာ သန်း ၄၆၀ ခန့်ရရှိပါတယ်။ ၉၇ ရာခိုင်နှုန်းလောက်တော့ ရပါတယ်။ ဒါကလည်း မြန်မာ့ပို့ကုန် အားနည်းချက်ကြောင့်တော့ မဟုတ်ပါဘူး။ သိတဲ့အတိုင်းပဲ တန်းစီနေရတာပါ။ တရုတ်နိုင်ငံရဲ့ ကိုဗစ် စည်းကမ်းတွေအရ ဖြည်းဖြည်းချင်း တင်ပို့နေရခြင်း ဖြစ်ပါတယ်။ တကယ်သာ ယခင်ကလို တင်ပို့နိုင်မှု ရှိခဲ့ရင် ကျွန်တော်တို့ ၁၀၀ ရာနှုန်းကျော် တင်ပို့နိုင်မှာပါ။ တရုတ်နိုင်ငံ၏ လက်ခံနိုင်မှု စွမ်းအားပဲ၊ မြန်မာယာဉ်မောင်း မချိန်းဘူး။ မြန်မာယာဉ်မောင်းတွေ တရုတ်ထဲကို ဝင်လို့ရမယ်ဆိုရင် ဒီထက်ပိုပြီးတော့မှ ပို့ကုန်ကားတွေ ဝင်ရောက်နိုင်ပါတယ်။ ယာဉ်မောင်း မချိန်းဖို့ နိုင်ငံတော် အဆင့်ကော ဝန်ကြီးဌာန အဆင့်ကော ဒေသအဆင့်ကော တရုတ်နိုင်ငံ တာဝန်ရှိသူ အသီးသီးနဲ့ ညှိနှိုင်းဆွေးနွေးခဲ့တာ ရှိပါတယ်။ တရုတ်နိုင်ငံ ဘက်ကလည်း အထက်အဆင့်ဆင့်ကို တင်ပြထားတယ်လို့ သိရပါတယ်။ တကယ်သာ မြန်မာ့ယာဉ်မောင်းတွေကို COVID-19 ကင်းရှင်းကြောင်း ထောက်ခံချက်နဲ့သာ တရုတ်နိုင်ငံထဲ တိုက်ရိုက် ဝင်ရောက်ခွင့် ရသွားမယ်ဆိုရင် ဒီယာဉ်ကြော ကြပ်တည်းမှု ကာလကို ကျော်သွားနိုင်ပါတယ်” ဟု မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန် တာဝန်ခံ ညွှန်ကြားရေးမှူး ဦးမင်းအောင်အေးက ဆိုသည်။

မြန်မာနိုင်ငံ တာဝန်ရှိသူများက မြန်မာနိုင်ငံ၏ ပို့ကုန်ကဏ္ဍ မြင့်တက်စေရန်၊ မြန်မာစိုက်ပျိုးတောင်သူများ၏ အကျိုးစီးပွားများ ရရှိစေရန်နှင့် နှစ်နိုင်ငံ ကုန်သွယ်မှု မြင့်တက်စေရန် နှစ်နိုင်ငံ စျေးကွက်ရရှိရေး ပို့ကုန်တိုးမြှင့်ရေးတို့ကို  တရုတ်နိုင်ငံနှင့် စဉ်ဆက်မပျက် ဆွေးနွေးကြောင်း၊ ကြန်သွယ်မှု ပိုမိုတိုးတက် ကောင်းမွန်စေရန် ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း မူဆယ် ၁၀၅ မိုင် နယ်စပ် ကုန်သွယ်ရေးဇုန်မှ သိရသည်။

“မြန်မာနိုင်ငံ၏ ပို့ကုန်ကဏ္ဍ မြင့်တက်စေရန်နှင့် မြန်မာစိုက်ပျိုးတောင်သူများ၏ အကျိုးစီးပွားများ ရရှိစေရန်နှင့် နှစ်နိုင်ငံ ကုန်သွယ်မှု မြင့်တက်စေရန် နှစ်နိုင်ငံ စျေးကွက်ရရှိရေး ပို့ကုန်တိုးမြှင့်ရေးတို့ကို တရုတ်နိုင်ငံနှင့် စဉ်ဆက်မပျက် ဆွေးနွေးနေပါတယ်။ ဒီပေါ်မှာလည်း ကျွန်တော်တို့က ပုံမှန်ထက်ပိုပြီးတော့မှ တိုးတက်အောင် ညှိနှိုင်းဆောင်ရွက်မယ်။ ဒီလိုလုပ်တဲ့အခါမှာ ကုန်သွယ်မှုကဏ္ဍထက်ကို ကျွန်တော်တို့ အားလုံး ဒေသမှာရှိတဲ့ ဌာနဆိုင်ရာ ပြည်သူအားလုံး ပူးပေါင်းလုပ်မှ ရမှာပေါ့။ ဒါမှ နှစ်နိုင်ငံ ကုန်သွယ်မှု တိုးတက်မယ်။ ကျွန်တော် အကြံပြု တင်ပြလိုတာကတော့ ကျွန်တော်တို့ ကုန်သွယ်ရေး ဦးစီးဌာန အနေနဲ့ ကုန်သွယ်မှုမှာ ဒီထက်ပိုပြီး တိုးတက်အောင် လုပ်နေတယ်။ တရုတ်နိုင်ငံနဲ့ လိုအပ်ချက်တွေကို ဆက်လက်ပြီး ညှိနှိုင်းဆွေးနွေးမယ်။ ဒေသမှာရှိတဲ့ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး အဖွဲ့တွေ သက်ဆိုင်ရာ ဌာနတွေနဲ့ ပူးပေါင်းလုပ်မယ်။ လုပ်ငန်းရှင် ကုန်သည် အပိုင်းကလည်း ကျွန်တော်တို့နဲ့ လက်တွဲညီညီ ပူးပေါင်းလုပ်ဖို့ လိုပါတယ်။ ဒါဆိုရင်တော့ အခက်အခဲမရှိ နှစ်နိုင်ငံကုန်သွယ်မှုကို လွယ်ကူချောမွေ့စွာ လုပ်နိုင်မှာ ဖြစ်ပါတယ်” ဟု မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန် တာဝန်ခံ ညွှန်ကြားရေးမှူး ဦးမင်းအောင်အေးက ပြောကြားသည်။

၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အတွင်း သွင်းကုန်ထုတ်ကုန် တင်ဆောင်ထားသော ကားအစီးရေ ၁၀၀၀ ဝန်းကျင်ခန့် ရှိနေပြီး ၁၀၅ မိုင် ကုန်သွယ်‌ရေးဇုန် အထွက်မှ မူဆယ်မြို့ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ် ဖြတ်သန်းရန် တန်းစီစောင့်ဆိုင်းနေသော ကုန်တင်ယာဉ်ကြီးများနှင့် ခြောက်ဘီးကုန်တင်ယာဉ် စုစုပေါင်း ၂၀၀၀  ဝန်းကျင်ရှိကာ တရုတ်နိုင်ငံဘက် ကျယ်ဂေါင်မြို့မှ မြန်မာနိုင်ငံသို့ ထွက်ရှိရန် ကုန်တင်ယာဉ် ၁၅၀၀ ဝန်းကျင်ခန့်ရှိကြောင်း သိရသည်။

ယခုအခါ မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန် သွယ်ရေးဇုန်အတွင် ဆန်၊ ဆန်ကွဲ၊ ဖရဲ၊ သခွား၊ ဇီးသီးနှင့် ၀ါအပါအဝင် လယ်ယာထွက်ကုန် ပစ္စည်းများ၊ ရေထွက်ကုန်ပစည်းများ၊ သတ္တုပစ္စည်းများနှင့် တွင်းထွက် သံယံဇာတ ပစ္စည်းများ၊‌ ရေနံသဘာဝဓာတ်ငွေ့တို့ကို အဓိက တင်ပို့နေပြီး တရုတ်နိုင်ငံမှ စက်မှုလက်မှု ပစ္စည်းများ၊ လူသုံးကုန် ပစ္စည်းများ၊ စားသောက်ကုန် ပစ္စည်းများ၊ ယာဉ်ယန္တယားနှင့် ဆက်စပ်ပစ္စည်းများ၊ အဝတ်အထည်နှင့် အထည်အလိပ်များ၊ ဆက်သွယ်ရေး ပစ္စည်းများ တင်သွင်းလျက်ရှိသည်။

 

Most Read

Most Recent