မော်လမြိုင်မြို့နှင့် မုတ္တမ (ပေါင်မြို့နယ်) ဆက်သွယ်ထားသည့် သံလွင်တံတား (မော်လမြိုင်) အား ပိတ်ထားခြင်းမရှိဘဲ လုံခြုံရေးအရ ယာဉ်များ စစ်ဆေးဆောင်ရွက်နေကြောင်း ခရီးသွားပြည်သူများ၏ ပြောကြားချက်များအရ သိရသည်။
“ ကျွန်တော်တို့ မနက် (၁၁) နာရီလောက်မှာ ပေါင်မြို့ဘက်ကလာတော့ သံလွင်တံတားမရောက်ခင် မုတ္တမဆေးရုံအလွန်မှာ ကားတွေကစပိတ်နေတယ်။ အဲ့ဒါနဲ့ကားပေါ်ကဆင်းပြီးသွားကြည့်တော့ တံတားပေါ်မတက်ခင် စစ်ဆေးရေးဂိတ်မှာ တပ်နဲ့ ရဲတွေ တွေ့ရပါတယ်။ မေးကြည့်လိုက်တော့ လုံခြုံရေးအရ စစ်ဆေးနေတယ်လို့ သိရတယ်။ ကျွန်တော်တို့ကားဖြတ်တော့ သူတို့က နာမည်မေးတယ်။ ကားပေါ်မှာ လူဘယ်နှစ်ယောက်ပါလဲမေးတယ်။ အဲ့ဒါပြောပြီးတာနဲ့ ပေးမောင်းပါတယ်” ဟု ပေါင်မြို့မှ ခရီးသွားတစ်ဦးက ပြောကြားသည်။

ကုန်တင်ယာဉ်ကြီးများအား စာရွက်စာတမ်း တောင်းကြည့်တာမျိုး တွေ့ရကြောင်းနှင့် ဆိုင်ကယ်ဖြင့် သွားလာသူများကိုလည်း စစ်ဆေးနေသည်ကို တွေ့ရကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ မွန်းတည့် ၁၂ နာရီလောက်မှာ သံလွင်တံတား (မော်လမြိုင်) ပေါ်မှာ ကားပိတ်ဆို့မှု ဖြစ်နေတယ်လို့ သတင်းကြားရတော့ ကျွန်တော်တို့ရောက်လာတော့ တံတားပိတ်တာတော့မဟုတ်ဘူး။ သွားလာနေတဲ့ မော်တော်ယာဉ်တွေကို တံတားနှစ်ဘက်မှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေကနေ ကားပေါ်တက်ပြီးတော့ စစ်ဆေးနေတာတွေတော့ တွေ့ရပါတယ်။ တံတားပိတ်တာ၊ လမ်းပိတ်တာမျိုးတော့မရှိပါဘူး” ဟု ဘိုဘိုဝင်း အရေးပေါ်လူမှု ကူညီကယ်ဆယ်ရေးအဖွဲ့မှ ကိုဘိုဘိုဝင်းက ပြောကြားသည်။

ကိုဘိုဘိုဝင်းက “လက်ရှိအခြေအနေအရတော့ စစ်ဆေးမှုတွေတော့ ဆောင်ရွက်မှာပါဘဲလေ။ ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ လွတ်လွတ်လပ်လပ်သွားလာလို့ ရပါတယ်။ လူနာတင်ယာဉ်တွေဆိုရင်တောင် စစ်ဆေးတာမျိုး မရှိဘဲနဲ့ ပေးဖြတ်တာမျိုးရှိပါတယ်။ ပြည်သူတွေအနေနဲ့ကလည်း ပုံမှန်သွားလာနေကြတဲ့ပုံစံအတွင်း သွားလာလို့ရပါတယ်။ စစ်ဆေးမှုတွေကတော့ လက်ရှိကာလမှာ ရှိကောင်းရှိနိုင်ပါတယ်။ ဘာမှစိုးရိမ်စရာမရှိဘူး။ အားလုံးသွားလာလို့ရပါတယ်” ဟု ပြောကြားသည်။

လက်ရှိအခြေအနေတွင်လည်း သံလွင်တံတား (မော်လမြိုင်) ပေါ်မှ ယာဉ်များ ပုံမှန်ဖြတ်သန်းသွားလာလျှက် ရှိကြောင်း သိရသည်။















